ယာရူစိင်၊ ဩဂုတ် ၁၅ ရက်၊ လောက်ကိုင်
ကိုးကန့်တပ်မတော် ထိန်းချုပ်ထားတဲ့ လောက်ကိုင်မြို့မှာ မိုးရွာသွန်းမှုကြောင့် မြို့တွင်းရှိ နေရာတချို့ ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံ သတင်းအရင်းအမြစ်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
ဩဂုတ် ၁၃ ရက်က လောက်ကိုင်မြို့မှာ မိုးသည်းထန်စွာ ရွာသွန်းတာကြောင့် မြို့တွင်းရှိ နေရာတချို့က ဆိုင်ခန်းနဲ့ နေအိမ်တချို့ ရေနစ်ခဲ့သလို ကားတချို့လည်း ရေကြီးတာနဲ့အတူ မျောပါသွားခဲ့တယ်လို့ ဆိုပါတယ်။
ဒေသခံ အမျိုးသားတစ်ဦးက “မိုးရွာတာ မိနစ်ပိုင်းအတွင်းမှာတင် ရေတွေက တက်လာတာပေါ့။ မိုးကြီးလို့ ထိခိုက်ဒဏ်ရာရတဲ့သူတွေတော့ မရှိပါဘူး။ အခုတောင် ရေက ကျနေပြီ။ မိုးပြန်ရွာရင်တော့ ရေပြန်တက်မှာလေ။ ကိုးကန့်ဘက်ကလည်း ရေကြီးမှု ဖြစ်ပွားတဲ့အချိန်မှာ ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ကြတယ်” လို့ ပြောပါတယ်။
အလားတူ ပြီးခဲ့တဲ့ ဇူလိုင် ၃ ရက်ကလည်း လောက်ကိုင်မြို့နယ် ဆီအောရွာမှာ မိုး သည်းထန်စွာ ရွာသွန်းတာကြောင့် ကျေးရွာအထက်မှာရှိတဲ့ ရေသိုလှောင်ကန် ပျိုကျပြီး ရေကြီးရေလျှံမှု ဖြစ်ပွားကာ ရွာခံ ၃ ဦး သေဆုံးခဲ့ဖူးပါတယ်။
ဒါ့အပြင် ရွာထဲရှိ နေအိမ်အများစုလည်း ရေတိုက်စားတာ ခံခဲ့ရသလို မိုးသည်းထန်စွာ ရွာသွန်းခဲ့တာကြောင့် စိုက်ခင်းတွေထဲ ရေဝင်ပြီး စိုက်ခင်းအများစု ပျက်စီးသွားပါတယ်။
အလားတူ UWSA ထိန်းချုပ်ထားတဲ့ မိုင်းပေါက်မြို့မှာလည်း ပြီးခဲ့တဲ့ ဇူလိုင် ၂၂ ရက် မနက်ပိုင်းမှာ မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးမှုနဲ့ ရေလွှမ်းမိုးမှု ဖြစ်ပေါ်ခဲ့ပြီး ကယ်ဆယ်ရေးလုပ်ငန်း လုပ်ကိုင်နေတဲ့ ရဲအပါအဝင် ဒေသခံ ၄ ဦး သေဆုံးခဲ့ပါတယ်။
ညီနောင်မဟာမိတ် ၃ ဖွဲ့ ထိန်းချုပ်ထားတဲ့ မူဆယ်မြို့နယ် ကျင်စန်းကျော့မှာလည်း ပြီးခဲ့တဲ့ ဇူလိုင် ၃ ရက်က ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့ဖူးပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။