မိုင်းအရှိုင်း၊ ဇူလိုင် ၁၀ ရက်၊ နောင်ချို
တအာင်းတပ်- PSLF/TNLA ထိန်းချုပ်ထားတဲ့ နောင်ချိုမြို့နယ်မှာ စစ်ကောင်စီတပ်က ထိုးစစ်ဆင်လာတာကြောင့် ဒီနေ့ ဇူလိုင် ၁၀ ရက်အထိ တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေတယ်လို့ ရှေ့တန်းသတင်းရင်းမြစ် တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
“အဲစကစတွေ ကျောက်ကြမ်းဘက်ကနေ တက်လာတယ်။ ကျောက်ကြမ်းအောက်ကနေပြီး အခုထိ ပစ်နေတုန်း။ နမ့်ဆောင်ဟူးဘက်အခြေနေတော့ မသိရသေးဘူး ” လို့ ဆိုပါတယ်။
နောင်ချိုမှာ ဆက်လက်တိုက်ပွဲတွေပြင်းထန်လာတာကြောင့် အရင်ကအသုံးပြုခဲ့တဲ့ နောင်ချိုကွင်းလမ်း၊ ဂုတ်တွင်းလမ်းတွေကို ယာယီပိတ်ထားတယ်လို့ ဒေသခံတစ်ဦးက ရွှေဖီမြေကိုပြောပါတယ်။
ကျောက်မဲခရီးသည် ကားဂိတ်နဲ့နီးစပ်သူတစ်ဦးက ကျောက်မဲကနေ မန္တလေးကို ဆင်းဖို့ “ကျောက်မဲ – သီပေါ – နမ့်လန် – လွိုင်လင် – တောင်ကြီး” ဘက်ကနေ ပြန်ဆင်းနေရတယ်လို့ ပြောပါတယ်။
စစ်ကောင်စီတပ်က နောင်ချိုမြို့ကို ပြန်လည်သိမ်းပိုက်နိုင်ဖို့ အင်အားထောင်ချီသုံးပြီး နေစဥ်မပြတ် ထိုးစစ်ဆင်တိုက်ခိုက်ရာ အုမ္မတီးဘက်ကနေ ကျောက်ကြမ်းကျေးရွာနားရောက်ရှိလာသလို တောင်ခမ်းဘက်ကနေ ၆၀၆ ဒုံးတပ်အနီးရှိ နမ့်ဆောင်ဟူးကျေးရွာကို ရောက်ရှိလာပြီဖြစ်ပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။