မြတ်နိုး၊ ဇွန် ၉ ရက်၊ ဖားကန့်
ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စုမှာ စုဆောင်းရေးထဲပါသွားပြီး ဒဏ်ရာတွေနဲ့ ပြန်လည်ထွက်ပြေး လွတ်မြောက်လာခဲ့တဲ့ အသက် ၁၅ နှစ်အရွယ် ကျောင်းသူရဲ့ ကျန်းမာရေးအခြေအနေဟာ ပိုမိုဆိုးရွားလာနေတယ်လို့ မိသားစုနဲ့ နီးစပ်သူတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ မေလ ၂၈ ရက် နေ့လည်မှာ လက်နက်ကိုင်တစ်ခုရဲ့ စုဆောင်းရေးထဲပါသွားတဲ့ အဆိုပါ မိန်းကလေးငယ်ဟာ ညပိုင်းမှာ ဒဏ်ရာတွေနဲ့ ပြန်ရောက်လာခဲ့ပြီး လက်ရှိအချိန်ထိ ပုံမှန်စကားမပြောနိုင်သေးဘူးလို့ ဆိုပါတယ်။
“ပြီးခဲ့တဲ့ရက်က စုဆောင်းရေးဆွဲခံရတဲ့ ကျောင်းသူ အခုအခြေအနေ လုံးဝဆိုးသွားပြီ။ မျက်စိလည်း သိပ်မမြင်ရတော့ဘူး။ စကားလည်း မပြောနိုင်တော့ဘူး။ ထိုင်လည်း မနေနိုင်တော့ဘူး။ အိပ်ရာထဲမှာပဲ လှဲနေရတော့တာ။ စိတ်ဒဏ်ရာက တော်တော်ပြင်းထန်သွားပုံပဲ” လို့ ဖြစ်စဉ်သိရှိသူတစ်ဦးက ပြောပါတယ်။
လက်ရှိမှာ လမ်းမလျှောက်နိုင်သေးသလို ကျန်းမာရေး ပြန်ကောင်းလာတဲ့ အခြေအနေမျိုး မရှိသေးဘူးလို့လည်း သူက ဆိုပါတယ်။
“သူ့သူငယ်ချင်း မိန်းကလေးတွေ လာပြီး အားပေးစကား လာပြောတာရှိတယ်။ ဟာသ ပြောရင်တော့ ရီတယ်။ ဒါပေမယ့် စကားကို ဟုတ်တိပတ်တိ မပြောဘူး။ တခါတလေ သူငယ်ချင်းနာမည် တစ်လုံးစ နှစ်လုံးစ ခေါ်တယ်။ သူ့အမေနဲ့ အဒေါ်ကို ခေါ်တယ်။ အဲဒါကလွဲရင် စကားမပြောဘူး” လို့ မိသားစုနဲ့ နီးစပ်သူ အမျိုးသားတစ်ဦးက ပြောပါတယ်။
အဲဒီ ကျောင်းသူဟာ မေလ ၂၈ ရက် နေ့လည်ပိုင်းမှာ သူငယ်ချင်းတစ်ဦးဆီ မုန့်စားဖို့ သွားရာကနေ စုဆောင်းရေးဆွဲခံခဲ့ရပြီး ညပိုင်းမှာ လက်၊ ခြေထောက်၊ ရင်ညွှန့်၊ ဗိုက်နဲ့ မျက်နှာတို့မှာ ဒဏ်ရာတွေရရှိထားတဲ့ အခြေအနေနဲ့ ပြန်လည်ထွက်ပြေးလွတ်မြောက်လာခဲ့တာ ဖြစ်ပါတယ်။
ဒေသတွင်း လူမှုကွန်ရက်တွေနဲ့ မြေပြင်သတင်းအရင်းအမြစ်တွေမှာတော့ အဲဒီမိန်းကလေးငယ်ကို KIA လက်အောက်ခံ တပ်ဖွဲ့ဝင်တွေက စုဆောင်းရေးအကြောင်းပြ ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့ ပြောဆိုနေကြပေမယ့် KIA ဘက်ကတော့ အခုချိန်ထိ တရားဝင် ရှင်းလင်းထုတ်ပြန်ထားတာ မရှိသေးပါဘူး။
ဒေသခံတွေကတော့ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး လွတ်လပ်ပွင့်လင်းတဲ့ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်ပြီး တာဝန်ရှိသူတွေကို ဖော်ထုတ်အရေးယူပေးဖို့ တောင်းဆိုနေကြပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။