ဓာတ်ပုံ- CJ

မိုင်းရူပ၊ ဧပြီ ၁ ရက်၊ နောင်ချို

ဒီနေ့ ဧပြီ ၁ ရက်မှာ ငလျင်ဒဏ်သင့်တဲ့ လူထုတွေအတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် သတ်မှတ်ထားတဲ့ စစ်ကောင်စီတပ်ဟာ ရှမ်းမြောက် နောင်ချိုမြို့နယ်ထဲ လေယာဉ်နဲ့ ဆက်လက် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ရွှေဖီမြေကို ပြောပါတယ်။

ဒီနေ့ ဧပြီ ၁ ရက် မနက် ၁၁ နာရီ ၂၃ မိနစ်မှာ တအာင်းတပ်မတော်- TNLA ထိန်းချုပ်ထားတဲ့ နောင်ချိုမြို့နယ် လွယ်ခွင်ရွာကို ဂျက်လေယာဉ်နဲ့ ဗုံး ၂ ကြိမ် ကြဲချတိုက်ခိုက်ခဲ့ပါတယ်။

ဗုံးကြဲတိုက်ခိုက်မှုကြောင့် လွယ်ခွင်ရွာရှိ မြေသြဇာစက်ရုံအပါအဝင် နေအိမ်တချို့ ပျက်စီးပြီး ၅ ဦး ဒဏ်ရာ ရခဲ့တယ်လို့ နောင်ချိုဒေသခံတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

“ပေါင် ၂၅၀ နဲ့ ၂ လုံး လာကြဲတာ။ မြေသြဇာစက်ရုံ ထိတယ်။ ပြီးတော့ ဗုံးစ ထိမှန်ပြီး ဒဏ်ရာရတဲ့သူ ၅ ယောက် ရှိတယ်။ ၄ ယောက်က ဒဏ်ရာ ပြင်းထန်တယ်”

နောင်ချိုမြို့နယ် တောင်းခမ်းနဲ့ အုမ္မတီးရွာမှာတော့ ငလျင်လှုပ်ခတ်မှု ဖြစ်ပွားပြီးနောက် မြေပြင်တိုက်ပွဲ ငြိမ်နေပြီး စစ်တပ်ဘက်က ဒရုန်းနဲ့ လက်နက်ကြီး အသုံးပြုပြီးတော့ ပစ်ခတ်တိုက်ခိုက်တာတွေ ဆက်လုပ်နေတယ်လို့ ရှေ့တန်း သတင်းအရင်းအမြစ်တွေက ပြောပါတယ်။

စစ်တပ်ဟာ နိုင်ငံတဝန်းမှာ ငလျင်ကြောင့် စိတ်သောက ရောက်နေရချိန် လက်လွှတ်ထားရတဲ့ နယ်မြေတွေကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုအပါအဝင် လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေ နေ့စဉ်လိုလို ပြုလုပ်နေပါတယ်။

ငလျင်လှုတ်ခတ်ပြီးနောက် မတ်လ ၃၁ ရက်ကနေ ဧပြီ ၆ ရက်အထိ နိုင်ငံတော်အဆင့် ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် စစ်ကောင်စီက သတ်မှတ်ကြေညာထားပေမဲ့ အရပ်သားတွေကို ရည်ရွယ်ချက်ရှိရှိ ဦးတည်ဗုံးကြဲတိုက်ခိုက်နေတယ်လို့ TNLA က ပြောပါတယ်။

မနေ့ မတ်လ ၃၁ ရက်မှာလည်း စစ်တပ်ဟာ TNLA ထိန်းချုပ်ထားတဲ့ နောင်ချိုမြို့နယ် ကျောက်ကြမ်းကျေးရွာကို ဒရုန်း အသုံးပြုပြီး ၁၂၀ မမဗုံးနဲ့ တိုက်ခိုက်ခဲ့ပါတယ်။

ဒါ့အပြင် မတ်လ ၂၈ ရက် နေ့လယ် ငလျင် လှုပ်ခတ်နေချိန်အတွင်း နောင်ချိုမြို့နယ် နောင်လင်ရွာထဲ ဂျက်ဖိုက်တာလေယာဉ် ၃ စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ဓနုတပ်- DPLA ရဲ့ စစ်မေ ၆ ဦးနဲ့ တပ်သား ၁ ဦး ကျဆုံးခဲ့ပါတယ်။

မနေ့ မတ်လ ၃၁ ရက် မနက်ပိုင်းမှာ မကွေးတိုင်း စလင်းမြို့နယ်ထဲ စစ်တပ်က လေကြောင်းနဲ့ ဗုံး ၅ ကြိမ် ကြဲချတိုက်ခိုက်ခဲ့သလို ကချင်ပြည်နယ် ဗန်းမော်မြို့နယ်မှာလည်း လေကြောင်း တိုက်ခိုက်မှု ဆက်တိုက် လုပ်ဆောင်နေပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

You May Also Like

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ကိုးကန့်တပ် ထိန်းချုပ်ဒေသမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်ဝိုင်ဖိုင်တွေ ပိုအသုံးပြုလာ

ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်အင်တာနက်လိုင်းတွေ အသုံးပြုလို့ ပိုအဆင်ပြေတာကြောင့် မြန်မာဆင်းကတ်အစား တရုတ်ဆင်းကတ်တွေကို ပိုအသုံးပြုလာနေကြတယ်လို့ ရွှေဖီမြေက စုံစမ်းသိရပါတယ်။

မင်္ဂလာဆောင်အတွက် တင်တောင်းဖို့သွားတဲ့ မိုင်းငေါ့ဒေသခံ ၂ ဦး နောင်ချိုမှာ ၂ လကြာ ပျောက်ဆုံးနေ

တအာင်းတပ် ထိန်းချုပ်ရာ ကျောက်မဲမြို့နယ် မိုင်းငေါ့ဒေသခံ ၂ ဦးက မင်္ဂလာဆောင်အတွက် တင်တောင်းဖို့ နောင်ချိုဘက် သွားရာကနေ ပျောက်ဆုံးနေပြီး ၂ လ ကြာတဲ့အထိ အဆက်အသွယ် မရသေးကြောင်း မိသားစုဝင်ရဲ့ ပြောပြချက်အရ သိရပါတယ်။