ပို့လဘား၊ အောက်တိုဘာ ၂၅ ရက်၊ မူဆယ်
စစ်ကောင်စီထိန်းချုပ်ထားတဲ့ မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့ စွမ်စော်ရပ်ကွက်မှာ မီးရှိုးမီးပန်း ဖောက်ရာကနေ မီးလောင်မှု ဖြစ်ပွားခဲ့တာ ဖြစ်တယ်လို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။
ဒီနေ့ အောက်တိုဘာ ၂၅ ရက် ညနေ ၅ နာရီကျော်မှာ မီးစတင်လောင်ကျွမ်းခဲ့တာဖြစ်ပြီး ည ၆ နာရီကျော်မှာ မီးငြိမ်းသတ်နိုင်ခဲ့တယ်လို့ ဖြစ်စဉ်သိရှိသူ အမျိုးသားတစ်ဦးက ပြောပါတယ်။
“စွမ်စော်ရပ်ကွက် ၃ နဲ့၄ ကြားမှာရှိတဲ့ ဂိုတောင်လောင်တာ။ G -1 ဟိုတယ်နောက် လမ်းကြားက တိုက်အိမ်တစ်လုံး လောင်တာ။ အဲဂိုထောင်ထဲမှာ မီးရှူးမီးပန်း တွေထားတဲ့နေရာထင်တယ်။ အဲမီးရှူးမီးပန်းဖောက်တဲ့အသံတွေ ကြားနေရတယ်”
မီးလောင်သွားတဲ့ ဂိုထောင်ကိုတော့ တာဝန်ရှိသူတွေနဲ့ ဒေသခံတွေ ဝိုင်းဝန်းငြိမ်းခဲ့ရပြီး ပျက်စီးဆုံးရှုံးမှု တန်ဖိုးကိုတော့ မသိရသေးပါဘူး။
ပြီးခဲ့တဲ့ စက်တင်ဘာ ၁၂ ရက်ကလည်း နမ့်ခမ်းမြို့ အမှတ် (၁) ရပ်ကွက် ကောင်းတပ်ရပ်ကွက်ရှိ ဘော်ဒါဆောင်တစ်ခုမှာ ဝါယာကြိုးရှော့ဖြစ်ရာကနေ မီးလောင်မှု ဖြစ်ပွားခဲ့ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှု နားဆင်နိုင်ပါတယ်။