မိုင်းရူပ၊ စက်တင်ဘာ ၁၇ ရက်၊ ကျောက်မဲ
တအာင်းတပ်ထိန်းချုပ်ထားတဲ့ ကျောက်မဲမြို့ကို ဦးတည်ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ စစ်ကောင်စီတပ်နဲ့ တအာင်းတပ်မတော်- TNLA အကြား တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေတယ်လို့ ရှေ့တန်းစစ်မြေပြင်မှာ ရှိနေသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
“စစ်ကောင်စီက ခိုက်တုန်းဟုန်းရွာအနီး ဗြုန်းတောင်ဘက်ကို ရောက်နေပြီ။ ခိုက်တုန်းဟုန်းရွာနဲ့ တော်တော်နီးနေပြီလို့ ပြောလို့ရတယ်။ တိုက်ပွဲကတော့ ဆက်ပြင်းထန်နေတယ်” လို့ ဆိုပါတယ်။
ခိုက်တုန်းဟုန်းရွာဟာ တအာင်းတပ်ထိန်းချုပ်ထားတဲ့ကျောက်မဲမြို့နဲ့ ၁၀ မိုင်ဝန်းကျင်ကွာဝေးပြီး စစ်ကောင်စီဘက်က စစ်အင်အားအများအပြားအသုံးပြုကာထိုးစစ်ဆင်တိုက်ခိုက်နေသလို ဒရုန်းတိုက်ခိုက်မှုတွေကို အဓိကအသုံးပြုနေပါတယ်။
ကျောက်မဲမြို့နယ်ထဲ စစ်ကောင်စီနဲ့ TNLA အကြားတိုက်ပွဲပြင်းထန်နေတာ ၁ လနီးပါးကြာရှိလာပြီး TNLA ဘက်က စစ်ကောင်စီထိုးစစ်ကို တအာင်းတပ်ဘက်က ဆက်လက်ခုခံနေဆဲ ဖြစ်ပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်ဟာ ဂုတ်တွင်း- နောင်ပိန်လမ်းပိုင်းကို ထိန်းချုပ်ဖို့ ထိုးစစ်ဆင်တိုက်ခိုက်နေပြီးဂုတ်တွင်းအနီးရှိ နောင်ပစ်ကျေးရွာမှာ တိုက်ပွဲဆက်ပြင်းထန်နေပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။