မြတ်နိုး၊ ဩဂုတ် ၆ ရက်၊ ဗန်းမော်
ကချင်ပြည်နယ် ဗန်းမော်မှာ စစ်ကောင်စီရဲ့ စစ်ကူ စစ်င်္ဘောတွေ ရောက်လာပြီးနောက် နေ့တိုင်းနီးပါး တိုက်ပွဲ ပြန်လည်ပြင်းထန်လာကြောင်း စစ်ရှောင်အပြင် ရှေ့တန်းနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
“မနေ့ည ဗန်းမော်ဘက် အတော်ထူးဆန်းတဲ့ဗုံးသံ ကြားနေရတယ်။ အပေါ်ကနေ ထိုးဆင်းပြီး လာဖောက်ခွဲသွားသလို ထူးဆန်းတဲ့ ဖောက်ခွဲသံတွေ ကြားနေရတယ်” လို့ စစ်ရှောင်ဒေသခံ အမျိုးသမီးက ပြောပါတယ်။
ဗန်းမော်မြို့အနီးတဝိုက်က ဒေသခံတွေ ဗန်းမော်ဘက် တိုက်ပွဲပြင်းထန်တဲ့ လေယာဉ်ဗုံးကြဲသံတွေ ကျယ်လောင်လွန်းတာကြောင့် ညပိုင်း အိပ်မရကြဘူးလို့ ဆိုပါတယ်။
“စစ်ကောင်စီတွေက တရစပ် အင်အား အလုံးအရင်းနဲ့ ဇွတ်တိုးလာတာ။ ဒီတခေါက် သင်္ဘောတွေ ဒရုန်းတွေလည်း အများကြီး ပါလာတယ်လို့ သိရတယ်” လို့ ရှေ့တန်းနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။
စစ်ကောင်စီရဲ့ စစ်ရေယာဉ်တွေ ဗန်းမော်ဘက် ရှောက်ရှိလာပြီးနောက် ဩဂုတ် ၄ ရက်ကစ စစ်ကောင်စီတပ်ဖွဲ့က ပြန်လည် ထိုးစစ်ဆင်လာနေတာဖြစ်တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီရဲ့ ထောက်ပို့ယာဉ် ၄ စီး၊ လုံခြုံရေး ရေယာဉ် ၈ စီး စုစုပေါင်း ၁၂ စီးပါ ရေယာဉ်အုပ်စုဟာ ဩဂုတ် ၁ ရက် ၉ နာရီခန့်က ဗန်းမော်ကို ရောက်လာခဲ့တာဖြစ်ကြောင်း ရှေ့တန်းနဲ့ နီးစပ်သူတွေက ပြောပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။