မိုင်းရူပ၊ စက်တင်ဘာ ၂ ရက်၊ ကျောက်မဲ
စစ်ကောင်စီတပ်ရဲ့ ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် ကျောက်မဲမြို့နယ် နောင်ပိန်ရွာနဲ့ ဂုတ်တွင်းအနီးမှာ စစ်ကောင်စီနဲ့ တအာင်းတပ်မတော်- TNLA အကြား တိုက်ပွဲဆက်လက်ပြင်းထန်နေတယ်လို့ ရှေ့တန်းစစ်မြေပြင်မှာ ရှိနေသူတွေက ရွှေဖီမြေကို ပြောပါတယ်။
နောင်ချိုဘက် ဂုတ်တွင်းကနေ ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်ဟာ ကျောက်မဲမြို့နယ်ဘက်ခြမ်း နောင်ပစ်ကျေးရွာဘက်ကို ထိုးစစ်ဆင်တိုက်ခိုက်နေပြီး ၂ ဖက်တပ်အကြား တိုက်ပွဲဆက်ဖြစ်နေပါတယ်။
“အခုက စစ်ကောင်စီဘက်က ဂုတ်တွင်းဘက်ကို ကျော်လာပြီ။ အခု နောင်ပိန်ကို ထိုးနေတာ။ ဂုတ်တွင်းဘက်ကလာတဲ့ စစ်တပ်နဲ့နောင်ပိန်ဘက် စစ်တပ်က မဆုံသေးဘူး။ ကြားထဲမှာ TNLA ရှိသေးတယ်” လို့ ရှေ့တန်းစစ်မြေပြင်မှာ ရှိနေသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
စစ်ကောင်စီရဲ့ ထိုးစစ်ဆင်မှုကြောင့် ၂ ပတ်ကျော် တိုက်ပွဲပြင်းထန်နေတဲ့ နောင်ပိန်ရွာမှာတော့ လက်ရှိအချိန်အထိ စစ်တပ်ဘက်က နောင်ပိန်ကျေးရွာကို ကျော်လာနိုင်တာ မရှိသေးပါဘူး။
တစ်ဖက်မှာလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ကျောက်မဲမြို့အနီးကို ရောက်ရှိလာတယ်ဆိုပြီး သတင်းအမှားတွေ တက်နေပါတယ်။
တစ်ဖက်မှာတော့ ကျောက်မဲနဲ့ နောင်ချိုကို ဆက်သွယ်ထားတဲ့ ဂုတ်တွင်းလမ်းပိုင်းကို စစ်တပ်ဘက်က ပြန်ထိန်းချုပ်နိုင်ခဲ့ပြီးနောက် မိုင်းခွဲဖျက်ဆီးခံရတဲ့ ဂုတ်တွင်းတံတားကို စစ်တပ်ဘက်က ပြန်လည်ပြုပြင်ပြီးပြီလို့ သိရပါတယ်။
ဂုတ်တွင်းတံတားမှာ ပြန်လည်ပြုပြင်ပြီးတာကြောင့်စစ်အင်အားနဲ့ လက်နက်ခဲယမ်းတွေကို လွယ်လွယ်ကူကူပို့ဆောင်လို့ရမယ့် အခြေအနေဖြစ်နေပါတယ်။
သြဂုတ် ၁၉ ရက်ကစပြီး အင်အားရာချီရှိတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ နောင်ချိုဘက်နေ ဂုတ်ထိပ်ချောင်းကိုဖြတ်ပြီး SSPP ထိန်းချုပ်ထားတဲ့ နောင်ပိန်ရွာအနီး ထန်းတပင်ရွာကနေ နောင်ပိန်ကျေးရွာဘက်ကို ထိုးစစ်ဆင်လာတာ ဖြစ်ပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။