မိုင်းရူပ၊ သြဂုတ် ၂၁ ရက်၊ ကျောက်မဲ
စစ်ကောင်စီတပ်က ထိုးစစ်ဆင် တိုက်ခိုက်နေတာကြောင့် ကျောက်မဲမြို့နယ် နောင်ပိန်ရွာအနီး တိုက်ပွဲ ဆက်လက် ပြင်းထန်နေတယ်လို့ ရှေ့တန်း စစ်မြေပြင်မှာ ရှိနေသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
“တိုက်ပွဲက ဆက်ပြင်းထန်နေတယ်။ ထန်းတပင်ရွာနားမှာပဲ ဖြစ်နေတယ်” လို့ ရှေ့တန်း စစ်မြေပြင်မှာ ရှိနေသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
တိုက်ပွဲ ဖြစ်ပွားတဲ့နေရာနဲ့ နောင်ပိန်ရွာဘက် စစ်တပ်က လက်နက်ကြီးနဲ့ လေကြောင်း တိုက်ခိုက်မှု ဆက်တိုက် လုပ်ဆောင်နေပြီး အရပ်သား သေဆုံးမှု များခဲ့ပါတယ်။
မနေ့ သြဂုတ် ၂၀ ရက်မှာ နောင်ပိန်ရွာထဲ စစ်တပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်လို့ ကလေးအပါအဝင် ဒေသခံ ၁၀ ဦးထက်မနည်း သေဆုံးပြီး ၁၂ ဦးထက်မနည်း ဒဏ်ရာ ရခဲ့ပါတယ်။
တိုက်ပွဲကြောင့် နောင်ပိန်ရွာနဲ့ တိုက်ပွဲ ဖြစ်ပွားနေတဲ့ အနီးအနားက ဒေသခံအများစုဟာ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရပြီး အရေးပေါ်အကူအညီ လိုအပ်နေပါတယ်။
ပြီးခဲ့တဲ့ သြဂုတ် ၁၉ ရက်ကစပြီး စစ်ကောင်စီ စစ်ကြောင်းဟာ နောင်ချိုမြို့နယ် ဂုတ်တွင်းဘက်ကနေ ရှမ်းတပ်မတော်- SSPP အခြေချလှုပ်ရှားတဲ့ ထန်းတပင်ရွာဘက် လမ်းကြောင်းကနေ ထိုးစစ်ဆင်လာပြီး ကျောက်မဲမြို့ကို ပြန်ထိန်းချုပ်ဖို့ ကြိုးစားနေတာပဲ ဖြစ်ပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။