မြတ်နိုး၊ ဩဂုတ် ၁၉ ရက်၊ ဗန်းမော်
ကချင်ပြည်နယ် ဗန်းမော်နဲ့ အင်းတော်ဒေသမှာ ဒီရက်ပိုင်း တိုက်ပွဲ ဆက်တိုက် ပြင်းထန်နေကြောင်း ရှေ့တန်းနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
“မြစ်ဆိပ်ဘက်မှာ နေ့တိုင်းနီးပါး တိုက်ပွဲ ပြင်းထန်နေတယ်။ ၄၇ ဘက်လည်း ပြန်ထိုးလာနေတယ်။ အကြောင်းရှိလို့ ပြန်မတိုက်ဘဲ ချန်ထားတဲ့ နေရာတွေလည်း ရှိတယ်” လို့ မြေပြင်သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
ဒီနေ့ ဩဂုတ် ၁၉ ရက် မနက် ၆ နာရီကျော်မှာလည်း တံတားဦးတက် ဂျက်ဖိုက်တာနှစ်စီးနဲ့ လေကြောင်းကနေ တိုက်ခိုက်သွားတယ်လို့ သူက ပြောပါတယ်။
မနေ့ ဩဂုတ် ၁၈ ရက်ကလည်း စစ်သင်္ဘော ၄ စီး နဲ့ ကမ်းကပ် ထိုးစစ်ဆင်လာတာမှာ ဆုတ်ခွာခဲ့ကြရကာ စစ်သား ၂ ဦး အရှင် ဖမ်းမိပြီး သေဆုံးဒဏ်ရာရသူ ရှိတယ်လို့ သူက ဆက်ပြောပါတယ်။
ထောင်သားတွေကို စစ်တပ်က စစ်ကူ ရောက်လာတဲ့ သင်္ဘောကနေ ပစ္စည်းတွေ သယ်ခိုင်းတာရှိပြီး သုံးမရအောင် နှိပ်စက်ခံထားရတဲ့ ထောင်သားတချို့က KIA နဲ့ ပူးပေါင်းတပ်ဖွဲ့ ရှိရာဘက် ရောက်လာတာ ရှိသလို ထွက်ပြေးလာသူလည်း ရှိတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် အင်းတော်ကြီးဒေသမှာလည်း ဒီရက်ပိုင်းအတွင်း စစ်တပ်၊ SNA ပူးပေါင်းအဖွဲ့နဲ့ KIA ပူးပေါင်းတပ်ဖွဲ့တို့အကြား နေ့တိုင်းနီးပါး တိုက်ပွဲ ပြင်းထန်နေကြောင်း ရှေ့တန်းနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
“ဂျမ်မာ တင်ဆောင်လာတဲ့ ကားတစ်စီးကိုလည်း ပစ်ခတ်သိမ်းပိုက်နိုင်ခဲ့တယ်” လို့ ရှေ့တန်းနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။
အင်းတော်ကြီးဒေသက SNA ရဲ့ မမုံစခန်းကို မနေ့ ဩဂုတ် ၁၈ ရက်က KIA တပ်ရင်း ၂၆ နဲ့ KPDF ပူးပေါင်းတပ်ဖွဲ့က သိမ်းပိုက်နိုင်ခဲ့ပြီး ကားပေါ်က ဂျမ်မာကို ဖြုတ်ယူဖို့ လုပ်နေချိန် စစ်ကူ ရောက်လာလို့ ဂျမ်မာ အထိုင်စက်နဲ့ကားကို မီးရှို့ဖျက်ဆီးနိုင်ခဲ့တယ်လို့ သူက ပြောပါတယ်။
မိုင်းနောင် တိုက်ပွဲမှာလည်း စစ်တပ် လက်အောက်ခံ SNA တပ်ဖွဲ့ရဲ့ သိန်းထောင်ချီတန် ဒရုန်းတစ်စီးကို KIA နဲ့ KPDF ပူးပေါင်းတပ်ဖွဲ့ရဲ့ ဂျမ်မာနဲ့ ဆွဲချပစ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
ဗန်းမော်နဲ့ အင်းတော်ဒေသအပြင် ဒီရက်ပိုင်းမှာ ဖားကန့်ဘက်မှာလည်း စစ်တပ်နဲ့ KIA ပူးပေါင်းတပ်ဖွဲ့တို့အကြား တိုက်ပွဲ ဖြစ်ပွားနေတာပါ။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။