ဓာတ်ပုံ- TNLA (ပုံဟောင်း အသုံးပြုထားပါတယ်)

မိုင်းရူပ၊ မတ်လ ၁၄ ရက်၊ နောင်ချို

ရှမ်းမြောက် နောင်ချိုမြို့နယ် တောင်းခမ်းကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ တအာင်းတပ်မတော်-TNLA တို့အကြား တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး အဆိပ်ငွေ့လို့ ယူဆရတဲ့ ဗုံးတွေကို စစ်တပ်က အသုံးပြုတိုက်ခိုက်ခဲ့တယ်လို့ စုံစမ်းသိရှိရပါတယ်။

မနေ့ မတ်လ ၁၃ ရက်က တောင်းခမ်းမှာ စစ်တပ်နဲ့ TNLA တို့ တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားခဲ့ပြီး လေယာဉ်နဲ့ ဗုံး ၁၅ လုံး ကြဲချတိုက်ခိုက်ခဲ့ရာ အဲဒီထဲမှာ အဆိပ်ငွေ့လို့ ယူဆရတဲ့ ဗုံးတွေကို အသုံးပြုတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

“မနေ့မှာ TNLA က စစ်ကောင်စီတပ်ကို ထိုးစစ် ပြန်လုပ်တာ။ ဗုံး ၁၅ လုံး လာကြဲတာ။ အဲမှာ ၇ လုံးက အငွေ့ အဖြူရောင်၊ ၈ လုံးက အမည်းရောင် ဖြစ်နေတာ တွေ့ရတယ်။ အဆိပ်ငွေ့ ဟုတ်မဟုတ်တော့ မတည်ပြုလို့ မရသေးဘူး” ဆိုပြီး သတင်းရင်းမြစ်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ဒီနေ့ မတ်လ ၁၄ ရက် မနက်ပိုင်း ၅ နာရီအထိ တိုက်ပွဲ ပြင်းထန်ခဲ့ပြီးနောက် မြေပြင်တိုက်ပွဲ ပြန်လည် ငြိမ်သက်ခဲ့ပြီး စစ်တပ်က TNLA တည်ရှိရာသို့ လက်နက်ကြီးနဲ့ဒရုန်း အသုံးပြုပြီး တိုက်ခိုက်နေတယ်လို့ သူက ဆက်ပြောပါတယ်။

နောင်ချိုမြို့နဲ့ မန္တလေးတိုင်း ပြင်ဦးလွင်မြို့နယ်ကြားရှိ နောင်ချိုမြို့နယ် အုမ္မတီးရွာမှာလည်း စစ်တပ်နဲ့ TNLA တို့ ထိတွေ့တိုက်ပွဲ ဆက်လက် ဖြစ်ပွားနေပါတယ်။

စစ်ကောင်စီရဲ့ သတင်းတွေကို ဖော်ပြနေတဲ့ တယ်လီဂရမ်ချန်နယ်တွေမှာတော့ တောင်းခမ်းရှိ TNLA ရဲ့ တပ်စခန်း ၂ ခုကို ပြီးခဲ့တဲ့ မတ်လ ၁၂ ရက်မှာ စစ်တပ်က ပြန်လည် သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဝါဒဖြန့် ရေးသားဖော်ပြနေကြပါတယ်။

ဒါ့အပြင် တောင်းခမ်းကို စစ်တပ်က ပြန်လည် ထိန်းချုပ်နိုင်ခဲ့ပြီလို့ ရေးသားဖော်ပြနေကြပြီး တောင်းခမ်းကနေ နောက်တန်းသို့ ပြန်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်ကို စစ်ကောင်စီအရာရှိ ကြိုဆိုနေတဲ့ပုံတွေနဲ့အတူ ရေးသားဖော်ပြနေတာ တွေ့ရပါတယ်။

ရှေ့တန်း စစ်မြေပြင်မှာ ရှိနေသူတွေကတော့ ဖေဖော်ဝါရီလကစပြီး စစ်တပ်ရဲ့ ထိုးစစ်ဆင်မှုကြောင့် TNLA ထိန်းချုပ်ထားတဲ့ တောင်းခမ်းရွာက နေရာတချို့ ပြန်လည် လက်လွတ်ခဲ့ရတာတွေ ရှိနေပေမဲ့ စစ်ကောင်စီတပ်ကို တအာင်းတပ်နဲ့ ပူးပေါင်းတပ်ဖွဲ့က ဝိုင်းရံပိတ်ဆို့ထားဆဲ ဖြစ်တယ်လို့ ပြောပါတယ်။

တောင်းခမ်းရွာမှာ စစ်ကောင်စီရဲ့ အမြှောက်တပ်စခန်း ကွပ်ကဲမှုဌာနချုပ်အပါအဝင် အမြှောက်တပ်တပ်စခန်းတွေဖြစ်တဲ့ ၃၅၄၊ ၂၀၆ နဲ့ ၄၀၆ တပ်တွေ အခြေချ တပ်စွဲထားတာဖြစ်ပြီး တောင်းခမ်းမှာ စစ်တပ်နဲ့ TNLA တို့ တိုက်ပွဲ ပြင်းထန်နေတာ ၆ လကြာ ရှိနေပြီ ဖြစ်ပါတယ်။

နောင်ချိုမြို့ကိုတော့ ပြီးခဲ့တဲ့ ၂ဝ၂၄ ဇူလိုင် ၁၀ ရက်ကတည်းက TNLA နဲ့ ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပြီး လက်ရှိ တိုက်ပွဲ ပြင်းထန်နေတဲ့ တောင်းခမ်းရွာဟာ နောင်ချိုမြို့နဲ့ မိုင် ၂၀ ခန့်သာ ကွာဝေးပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

You May Also Like

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ကိုးကန့်တပ် ထိန်းချုပ်ဒေသမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်ဝိုင်ဖိုင်တွေ ပိုအသုံးပြုလာ

ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်အင်တာနက်လိုင်းတွေ အသုံးပြုလို့ ပိုအဆင်ပြေတာကြောင့် မြန်မာဆင်းကတ်အစား တရုတ်ဆင်းကတ်တွေကို ပိုအသုံးပြုလာနေကြတယ်လို့ ရွှေဖီမြေက စုံစမ်းသိရပါတယ်။

မင်္ဂလာဆောင်အတွက် တင်တောင်းဖို့သွားတဲ့ မိုင်းငေါ့ဒေသခံ ၂ ဦး နောင်ချိုမှာ ၂ လကြာ ပျောက်ဆုံးနေ

တအာင်းတပ် ထိန်းချုပ်ရာ ကျောက်မဲမြို့နယ် မိုင်းငေါ့ဒေသခံ ၂ ဦးက မင်္ဂလာဆောင်အတွက် တင်တောင်းဖို့ နောင်ချိုဘက် သွားရာကနေ ပျောက်ဆုံးနေပြီး ၂ လ ကြာတဲ့အထိ အဆက်အသွယ် မရသေးကြောင်း မိသားစုဝင်ရဲ့ ပြောပြချက်အရ သိရပါတယ်။