မိုင်းရူပ၊ စက်တင်ဘာ ၁၂ ရက်၊ ကျောက်မဲ
တအာင်းတပ်ထိန်းချုပ်ထားတဲ့ ကျောက်မဲမြို့ကို ဦးတည်ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ စစ်ကောင်စီတပ်နဲ့ တအာင်းတပ်မတော် (TNLA) အကြား တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေတယ်လို့ ရှေ့တန်းစစ်မြေပြင်မှာ ရှိသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
ပင်တိန်ရွာအကျော် အထက်ရဲရွာသွားတဲ့ လမ်းခွဲမှာ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်ဟာ မနေ့ စက်တင်ဘာ ၁၁ ရက် ညနေပိုင်းမှာ ဇီးပင်ရွာထဲကို လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့သလို ဒီနေ့ စက်တင်ဘာ ၁၂ ရက်နေ့လည် ၁ နာရီခွဲခန့်မှာလည်း တိုက်ပွဲဖြစ်ပွားနေရာတွေကို Y-12 လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်နေပါတယ်။
“စစ်ကောင်စီဘက်က သေဆုံးမှုများနေတာ။ အဲကြောင့် လေယာဉ်နဲ့ ဗုံးဆက်တိုက်ကြဲနေတာ။ အခုလည်း Y-12 လာကြဲနေတာ။ အခု စစ်ကောင်စီက ခိုက်တုန်းဟုန်းရွာထိတော့ မရောက်သေးဘူး” ဟု ရှေ့တန်းစစ်မြေပြင်မှာ ရှိသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
TNLA ဘက်က နောင်ပိန်နဲ့ ပင်တိန်ကျေးရွာကို လက်လွတ်ခဲ့ရပေမယ့် စစ်ကောင်စီထိုးစစ်ကို အဆင့်ဆင့်ခံ စစ်ပြင်ကာ ခုခံနေဆဲဖြစ်ပြီး တိုက်ပွဲဟာ ဆက်လက် ပြင်းထန်လာနိုင်တဲ့ အခြေအနေလို့ ရှေ့တန်းမှာ ရှိသူတွေက ပြောပါတယ်။
ကျောက်မဲမြို့ကို ရောက်ဖို့ စစ်ကောင်စီတပ်ဘက်က ခိုက်တုန်းဟုန်း၊ နားအိုက်ခန့်၊ စခန်းသာနဲ့ ခိုမုန်း စတဲ့ ကျေးရွာတွေ ကျော်ဖြတ်ရမှာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ သြဂုတ် ၁၉ ရက်ကစပြီး စစ်ကောင်စီတပ်ဟာ နောင်ချိုဘက် ဂုတ်ထိပ်ချောင်းကို ဖြတ်ပြီး SSPP ထိန်းချုပ်ထားတဲ့ နောင်ပိန်ရွာအနီး ထန်းတပင်ရွာကနေ နောင်ပိန်ကျေးရွာဘက်ကို ထိုးစစ်ဆင်လာတာ ဖြစ်ပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။