မိုင်းရူပ၊ ဇူလိုင် ၇ ရက်၊ နောင်ချို
တအာင်းတပ်မတော်-PSLF/TNLA ထိန်းချုပ်ထားတဲ့ နောင်ချိုမြို့အနီးမှာ စစ်ကောင်စီတပ်ဘက်က ထိုးစစ်ဆင်တိုက်ခိုက်နေတာကြောင့် တိုက်ပွဲဆက်လက်ပြင်းထန်နေတယ်လို့ ရှေ့တန်းစစ်မြေပြင်မှာ ရှိနေသူတွေက ပြောပါတယ်။
လက်ရှိ တောင်းခမ်းဘက်မှာ ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ နောင်ချိုမြို့နဲ့ ၄ မိုင်အကွာ မျက်ချင်းနုကျေးရွာအကျော်ကို ရောက်ရှိနေပြီး နောင်ချိုမြို့နယ် အုမ္မတီးကျေးရွာဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဟာ ကျောက်ကြမ်းရွာအနီးကို ရောက်ရှိနေပါတယ်။
“တိုက်ပွဲနေ့တိုင်းလိုလို ပြင်းထန်နေတယ်။ စစ်ကောင်စီက မြို့အထဲထိတော့ ရောက်နိုင်တဲ့ အခြေအနေတော့ မရှိသေးဘူး” လို့ ရှေ့တန်းစစ်မြေပြင်မှာ ရှိနေသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
စစ်ကောင်စီထောက်ခံတဲ့ တယ်လီဂရမ်ချယ်နယ်တွေမှာတော့ စစ်ကောင်စီစစ်ကြောင်းဟာ နောင်ချိုမြို့တွင်းကို ထိုးဖောက်ရောက်ရှိနေတယ်ဆိုပြီး ဝါဒဖြန့်ရေးသား ဖော်ပြနေကြပါတယ်။
နောင်ချိုတိုက်ပွဲကြောင့် နောင်ချိုမြို့ပေါ်ရှိ ဒေသခံတွေနဲ့ မြို့အနီးရှိ နေထိုင်သူတွေ စစ်ဘေးရှောင်နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ ၎င်းတို့လက်လွတ်ခဲ့ရတဲ့နောင်ချိုမြို့ကို ပြန်ရဖို့ စစ်ကြောင်း ၂ ကြောင်းခွဲပြီး စစ်အင်အားထောင်နဲ့ချီအသုံးပြုကာ ၅ လနီးပါး ထိုးစစ်ဆင်တိုက်ခိုက်နေပေမဲ့ TNLA နဲ့ ပူးပေါင်းတပ်တွေရဲ့ တုန့်ပြန်တိုက်ခိုက်မှုတွေကြောင့် နောင်ချိုမြို့ကို ထိန်းချုပ်နိုင်ခြင်း မရှိသေးပါဘူး။
နောင်ချိုမြို့အခြေစိုက် စစ်ကောင်စီရဲ့ အမှတ်(၆၀၆) ဒုံးတပ်ရင်းအပါအဝင် ခြေမြန်တပ်ရင်း-၁၁၄၊ ခမရ- ၁၁၅ တို့ကို ၂ ပတ်ကြာ တိုက်ခိုက်သိမ်း ပိုက်ပြီး နောင်ချိုမြို့ကို ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဇူလိုင် ၁၀ ရက်မှာ ထိန်းချုပ်နိုင်ခဲ့တာ ဖြစ်ပါတယ်။
တအာင်းတပ်ထိန်းချုပ်ထားတဲ့ နောင်ချိုမြို့ကို စစ်ကောင်စီတပ်ထံ လက်မလွှတ်ရရေး အတွက် ဆက်လက်ခုခံကာကွယ်သွားမယ်လို့ PSLF/TNLA ရဲ့ ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက ဇူလိုင် ၅ ရက်မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။