မိုင်းရူပ၊ စက်တင်ဘာ ၁၁ ရက်၊ ကျောက်မဲ
တအာင်းတပ် ထိန်းချုပ်ထားတဲ့ ကျောက်မဲမြို့ကို ဦးတည် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ စစ်ကောင်စီထိုရစစ်ဟာ ခိုက်တုန်ဟုန်းရွာအနီးအထိ ရောက်လာပြီး တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေတယ်လို့ ရှေ့တန်း စစ်မြေပြင်မှာ ရှိနေသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
“စစ်ကောင်စီဘက်က ဆက်တိုက်ထိုးနေတာ။ အခုက ခိုက်တုန်ဟုန်းရွာအနီးအထိ ရောက်လာတယ်။ ရွာထဲတော့ မရောက်သေးဘူး။ တိုက်ပွဲက ဆက်ဖြစ်နေတယ်” လို့ ဆိုပါတယ်။
စစ်ကောင်စီစစ်ကြောင်းဟာ နောင်ပိန်နဲ့ ပင်တိန်ကျေးရွာကို ကျော်လာပြီး ခိုက်တုန်ဟုန်းရွာအနီးအထိ ရောက်လာတာကြောင့် လက်ရှိ တိုက်ပွဲ ပြင်းထန်နေရာနဲ့ ကျောက်မဲမြို့ဟာ ၁၀မိုင် ဝန်းကျင်သာ ကွာဝေးတော့တယ်လို့ သိရပါတယ်။
ကျောက်မဲမြို့နယ် တိုက်ပွဲမှာ စစ်အင်အား အများအပြား အသုံးပြုပြီး ထိုးစစ်ဆင်နေသလို ဒရုန်းတိုက်ခိုက်မှုတွေကို အဓိက အသုံးပြု တိုက်ခိုက်နေတယ်လို့ ရှေ့တန်း စစ်မြေပြင်မှာ ရှိနေသူတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ သြဂုတ် ၁၉ ရက်က စပြီး စစ်ကောင်စီတပ်ဟာ နောင်ချိုဘက်နဲ့ ဂုတ်ထိပ်ချောင်းကို ဖြတ်ပြီး SSPP ထိန်းချုပ်ထားတဲ့ နောင်ပိန်ရွာအနီး ထန်းတပင်ရွာကနေ နောင်ပိန်ကျေးရွာဘက်ကို ထိုးစစ်ဆင်လာတာ ဖြစ်ပါတယ်။
စစ်ကောင်စီ ထိုးစစ်ကြောင့် တိုက်ပွဲ ပြင်းထန်နေတာ ၃ ပတ်ကျော် ကြာရှိလာပြီဖြစ်ပြီး တအာင်းတပ်ဘက်ကလည်း အပြင်းအထန် ခုခံနေဆဲဖြစ်ကာ ကျောက်မဲမြို့ကို စစ်တပ် ပြန်ရခဲ့ရင် သီပေါမြို့နယ်ဘက်ကို ဆက်လက် ဦးတည်လာနိုင်တယ်လို့ သုံးသပ်မှုတွေ ရှိနေပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။