မိုင်းရူပ၊ စက်တင်ဘာ ၁၅ ရက်၊ ကျောက်မဲ
တအာင်းတပ်ထိန်းချုပ်ထားတဲ့ ကျောက်မဲမြို့ကို ဦးတည်ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ စစ်ကောင်စီတပ်နဲ့ တအာင်းတပ်မတော် – TNLA အကြား တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေတယ်လို့ ရှေ့တန်းစစ်မြေပြင်မှာ ရှိနေသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
တိုက်ပွဲတွေဟာ နောင်ပိန် – ကျောက်မဲလမ်းမကြီးပေါ်ရှိ ပင်တိန်ရွာနဲ့ ခိုက်တုန်ဟုန်းရွာကြားဖြစ်ပွားနေပြီး စစ်ကောင်စီဘက်က ခိုက်တုန်ဟုန်းရွာအထိ မရောက်လာသေးဘူးလို့ ဆိုပါတယ်။
“တိုက်ပွဲက ခိုက်တုန်ဟုန်းရွာ မရောက်ခင်မှာ ဖြစ်နေတာ။ စစ်ကောင်စီက ခိုက်တုန်ဟုန်းရွာထဲကို မရောက်သေးဘူး။ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်နေတာလည်း ရှိတယ်” လို့ ရှေ့တန်းမှာရှိနေသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုများပြီး လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်တာတွေ ဆက်တိုက်လုပ်ဆောင်နေတာတယ်လို့ ရှေ့တန်းစစ်မြေပြင်မှာ ရှိနေသူတွေက ပြောပါတယ်။
စစ်ကောင်စီတပ် ပြန်ထိန်းချုပ်ထားတဲ့ နောင်ပိန်ကျေးရွာမှာတော့ ဒေသခံတွေရဲ့ နေအိမ်တွေ ဖောက်ထွင်းခံရပြီး နေအိမ်ထဲ ပစ္စည်းတွေ ခိုးယူခံနေတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ သြဂုတ် ၁၉ ရက်ကစပြီး စစ်ကောင်စီတပ်ဟာ နောင်ချိုဘက်နဲ့ ဂုတ်ထိပ်ချောင်းကို ဖြတ်ပြီး SSPP ထိန်းချုပ်ထားတဲ့ နောင်ပိန်ရွာအနီး ထန်းတပင်ရွာကနေ နောင်ပိန်ကျေးရွာဘက်ကို ထိုးစစ်ဆင်လာတာ ဖြစ်ပါတယ်။
ကျောက်မဲမြို့နယ်ထဲ စစ်ကောင်စီနဲ့ TNLA အကြား တိုက်ပွဲပြင်းထန်နေတာ ၁ လနီးပါးကြာရှိလာပြီး TNLA ဘက်က စစ်ကောင်စီထိုးစစ်ကို အဆင့်ဆင့်ခံ စစ်ပြင်ကာ ခုခံနေဆဲဖြစ်ပြီး တိုက်ပွဲဟာ ဆက်လက်ပြင်းထန်လာနိုင်တဲ့ အခြေအနေ ဖြစ်ပါတယ်။
တအာင်းတပ်ဘက်ကတော့ ကျောက်မဲမြို့နယ်ထဲ ဖြစ်ပွားနေတဲ့ တိုက်ပွဲနဲ့ ပတ်သက်ပြီး တစုံတရာ သတင်းထုတ်ပြန်ထားတာ မရှိသေးပါဘူး။
ကျောက်မဲတိုက်ပွဲကြာင့် ကျောက်မဲမြို့ပေါ်အပါအဝင် တိုက်ပွဲဖြစ်ပွားနေတဲ့ ကျေးရွာ ၁၀ ခုထက်မနည်းက သောင်းနဲ့ချီတဲ့ ဒေသခံတွေ ဘေးလွှတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။