မိုင်းရူပ၊ ဧပြီ ၇ ရက်၊ နောင်ချို

ရှမ်းမြောက် နောင်ချိုမြို့နယ် တောင်းခမ်းကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ တအာင်းတပ် TNLA တို့အကြား တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်ဖက်ကလည်း လေယာဥ်အသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ရှေ့တန်းစစ်မြေပြင်မှာ ရှိနေသူတွေက ရွှေဖီမြေကို ပြောပါတယ်။

တိုက်ပွဲဟာ စစ်ကောင်စီရဲ့ အမြောက်တပ်စခန်း ကွပ်ကဲမှုဌာနချုပ် ၉၀၂ တပ်မှာ ဖြစ်ပွားနေတာဖြစ်ပြီး စစ်ကောင်စီတပ်ဘက်က ဂျက်ဖိုက်တာအသုံးပြုကာ ဗုံးကြဲတိုက်ခိုက်နေတာလို့ ဆိုပါတယ်။

“တိုက်ပွဲက မနက် ၁၀ နာရီခွဲကနေ စဖြစ်တာ။ အခုထိပဲ တိုက်ပွဲပြင်းထန်နေတယ်။ အခု(နေ့လည် ၂ နာရီ ၄၅ မိနစ်)ပဲ လေယာဥ်နဲ့ ဗုံးလာကြဲသွားတယ်။ တိုက်ပွဲက ၉၀၂ မှာပဲ ဖြစ်နေတယ်” လို့ တောင်ခမ်းမှာ ရှိနေသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

စစ်ကောင်စီရဲ့ အမြောက်တပ်တွေ တည်ရှိရာ တောင်းခမ်းကျေးရွာမှာ ပြီးခဲ့တဲ့ ဧပြီလ ၃ ရက်မှာ စစ်ကောင်စီဘက် စစ်အင်အားတွေ ဖြည့်တင်းပြီးနောက် ဧပြီလ ၄ ရက်ကစပြီး TNLA တည်ရှိရာကို ထိုးစစ်ဆင် တိုက်ခိုက်လာတာလည်း ဖြစ်ပါတယ်။

တောင်းခမ်းကျေးရွာမှာ စစ်ကောင်စီရဲ့ အမြောက်တပ်စခန်း ကွပ်ကဲမှုဌာနချုပ် ၉၀၂ တပ်အပါအဝင် အမြောက်တပ်စခန်းတွေ ဖြစ်တဲ့ ၃၅၄၊ ၂၀၆ နဲ့ ၄၀၆ တပ်တွေ အခြေချ တပ်စွဲထားတာဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် သြဂုတ်လကတည်းက စစ်ကောင်စီတပ်နဲ့ TNLA တပ်အကြား တိုက်ပွဲဖြစ်ပွားခဲ့တာပါ။

ပြီးခဲ့တဲ့ ဧပြီ ၅ ရက်တုန်းက တောင်းခမ်းတိုက်ပွဲအတွင်းမှာ စစ်ကောင်စီဘက်က အဆိပ်ငွေ့ဗုံး အသုံးပြုပြီး တိုက်ခိုက်ခဲ့ကြောင်း TNLA ဘက်က ထုတ်ပြန်ထားပါတယ်။

ငလျင်သင့်တဲ့ လူထုတွေကို စာနာတဲ့အနေနဲ့ အပစ်ရပ်မယ်လို့ ထုတ်ပြန်ထားတဲ့ စစ်ကောင်စီနဲ့ တအာင်းတပ်ဟာ တောင်းခမ်းကျေးရွာအပြင် မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် ၇ မိုင်မှာလည်း ၂ ဖက်တပ်တွေ တိုက်ပွဲပြင်းထန်နေတယ်လို့ သတင်းအရင်းအမြစ်တွေက ပြောပါတယ်။

အပစ်ရပ်ကြေညာချက်ကို ချိုးဖောက်ကြောင်း စစ်ကောင်စီတပ်နဲ့ TNLA တပ်တို့အကြား အပြန်အလှန် စွပ်စွဲပြောဆိုမှုတွေ ရှိနေတာလည်း ဖြစ်ပါတယ်။

စစ်ကောင်စီတပ်ဘက်ကတော့ အပစ်ရပ်ပြီးနောက် TNLA အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်တပ်တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ် PDF တွေဟာ အပစ်ရပ်ကြေညာချက်ကို ချိုးဖောက်ပြီး စစ်ကောင်စီရဲ့ တပ်စခန်းတွေကို တိုက်ခိုက်နေတယ်လို့ စွပ်စွဲပြောဆိုထားပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။