မိုင်းရူပ၊ ဇွန်လ ၄ ရက်၊ နောင်ချို
ယာယီအပစ်ရပ်ကြောင်း ထုတ်ပြန်ထားပေမယ့် ရှမ်းမြောက် နောင်ချိုမြို့နယ်မှာ စစ်ကောင်စီနဲ့ တအာင်းတပ်မတော်-TNLA အကြား တိုက်ပွဲပြင်းထန်နေတယ်လို့ ရှေ့တန်းသတင်းအရင်းအမြစ်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
နောင်ချိုမြို့နယ်ရှိ TNLA တပ်စခန်းတွေကို စစ်ကောင်စီတပ်က ထိုးစစ်ဆင်တိုက်ခိုက်နေပြီး မနေ့ ဇွန်လ ၃ ရက်ကနေ ဒီနေ့ ဇွန်လ ၄ ရက်မနက်ပိုင်းအထိ တောင်းခမ်းနဲ့ နောင်ချိုကြားရှိ ရှောက်ခြုံကျေးရွာနဲ့ ကံကြီးကျေးရွာမှာ တိုက်ပွဲပြင်းထန်နေတယ်လို့ ဆိုပါတယ်။
” ဒီနေ့က ကံကြီး၊ ရှောက်ခြုံကျေးရွာမှာ တိုက်ပွဲပြင်းထန်နေတယ်။ ဒီနောက်ပိုင်း လေယာဥ်နဲ့ ဗုံးကြဲတာ သိပ်မတွေ့တော့ဘူး။ TNLA ရှိတဲ့နေရာကို မနေ့ တစ်ရက်တည်းကို လက်နက်ကြီးနဲ့ ဒရုန်းဗုံးအလုံး ၃၀ ကျော်ရှိတယ်။ လာကြဲတာ” လို့ ရှေ့တန်းသတင်းအရင်းအမြစ်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
ကံကြီးကျေးရွာဟာ TNLA ထိန်းချုပ်ထားတဲ့ နောင်ချိုမြို့နဲ့ ၇ မိုင်ဝန်းကျင်လောက်သာ ကွာဝေးတော့တယ်လို့ သိရပါတယ်။
ဒီနေ့ မနက်ပိုင်းမှာ စစ်ကောင်စီတပ်က ကံကြီးရွာကို ထိန်းချုပ်နိုင်ပြီလို့ သတင်းတွေ ထွက်ပေါ်နေပြီး ရွှေဖီမြေက သီးခြားအတည်ပြုနိုင်တာ မရှိသေးပါဘူး။
စစ်ကောင်စီတပ်ဟာ ၎င်းတို့ လက်လွှတ်ထားရတဲ့ နောင်ချိုမြို့ကို ပြန်ရဖို့ တောင်းခမ်းနဲ့ အုမ္မတီးရွာဘက်ကနေ ထိုးစစ်ဆင် တိုက်ခိုက်နေတာ ဖြစ်ပါတယ်။
TNLA ပါဝင်တဲ့ ညီနောင်မဟာမိတ် ၃ ဖွဲ့က ငလျင်သင့်တဲ့ဒေသတွေမှာ ကူညီကယ်ဆယ်ရေးတွေ ဆက်လက်လုပ်ဆောင်နိုင်ဖို့ ဇွန်လကုန်အထိ အပစ်ရပ်ကြောင်း ထုတ်ပြန်ထားသလို စစ်ကောင်စီတပ်ကလည်း ဇွန်လကုန်အထိ အပစ်ရပ်မယ်လို့ ထုတ်ပြန်ထားပေမယ့် မြေပြင်မှာတော့ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေတာ ဖြစ်ပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။