ရဲမာန်၊ ဖေဖော်ဝါရီ ၂၃ ရက်၊ မုံရွာ
စစ်ကိုင်းတိုင်း မုံရွာမြို့မှာ လမ်းမှားဝင်လာတဲ့ ခရီးသည်ယာဉ်ကို သာစည်ထောင်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ စစ်ဆေးမှုမလုပ်ဘဲ ပစ်ခတ်လိုက်လို့ ယာဉ်မောင်းဖြစ်သူ သေဆုံးခဲ့ရတယ်လို့ မုံရွာမြို့နယ်သတင်းမှန်ပြန်ကြားရေးက သတင်းထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၁ ရက် ည ၉ နာရီဝန်းကျင်မှာသမုန်းကုန်းလမ်းခွဲကနေ ပေါက်ငယ်တော အတက် မြောက်နဲ့တောင် မှားကွေ့မိရာကနေ သာစည်ထောင်ရှေ့ ရောက်ရှိသွားပြီး ပစ်ခတ်ခံရတာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
“ယာဉ်လိုင်းက ကားသွားယူတော့ ခရီးသည်တွေပါ ပြန်ပါလာတယ်”လို့ ဒေသခံအမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
အဆိုပါပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရသူဟာ ရွှေပီနောင်းယဉ်ငယ်ကားအသင်းမှာ ယာဉ်မောင်းအဖြစ်အလုပ်လုပ်နေတဲ့ ဆားလင်းကြီးရွာခံဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
အဆိုပါယာဉ်ပေါ်မှာ ကားစပယ်ရာ၊ ယာဉ်မောင်းနဲ့ ခရီးသည် ၄ ဦး စုစုပေါင်း ၆ ဦး မောင်းနှင်လာတာဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ခရီးသည်ကားမှန်း သိချိန်မှာတောင် ကားမှန်တွေကို သေနတ်ဒင်တွေနဲ့ ထုရိုက်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၃ ရက် မနက် ၉ နာရီခွဲဝန်းကျင်မှာ မုံရွာမြို့ သာစည်လမ်းပေါ်မှာ သွားလာနေတဲ့ မတ်တူးအဖြူရောင် ကားတစ်စီးကို စစ်တပ်က ပတ်ကင်းကားနဲ့ လိုက်လံပစ်ခတ်ခဲ့လို့ ကားပေါ်လိုက်ပါလာသူတွေ သေဆုံးခဲ့တဲ့ဖြစ်စဉ်လည်း ဖြစ်ပွားခဲ့ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။