အင်းငယ်၊ ဖေဖော်ဝါရီ ၄ ရက်၊ နောင်ချို
နောင်ချိုမြို့နယ် တောင်းခမ်းကျေးရွာတိုက်ပွဲမှာ စစ်ကောင်စီတပ်ဘက်က သုံ့ပန်း ၅ ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ ဓနုပြည်သူ့ လွတ်မြောက်ရေးတပ်ဦး- DPLF/DPLA ရဲ့ မြေပြင်တပ်ဖွဲ့ဝင်တွေက ပြောပါတယ်။
အဲဒီစစ်သုံ့ပန်းတွေကို ဒီနေ့ ဖေဖော်ဝါရီ ၄ ရက် မနက်ပိုင်းက ဖမ်းမိခဲ့တာဖြစ်ပြီး အဲဒီထဲကတစ်ဦးဟာ DPLF တပ်ဖွဲ့ဝင်တစ်ဦးနဲ့ ငယ်စဉ်ကတည်းက ကွဲကွာသွားကြတဲ့ ညီအစ်ကိုအရင်း ဖြစ်နေတယ်လို့ ဆိုပါတယ်။
DPLF တည်ထောင်သူနှင့် တာဝန်ခံ ကိုထွန်းနိုင်က “သူ့အစ်ကို ကိုယ်တိုင်က စစ်တပ်ထဲ အရင်ကတည်းက ဝင်တာပါ။ စစ်မှုထမ်းကြောင့် မဟုတ်ဘူး။ လောလောဆယ် ပူပူနွေးနွေးပဲ ရှိသေးတယ်ဆိုတော့ ဘယ်လိုထားရမလဲ စီစဉ်တုန်းပဲ ရှိသေးတယ်။ မသေလို့ပဲ ညီအစ်ကိုချင်း ပြန်ဆုံရတာ။ ရှေ့တန်းမှာ ယှဉ်ပစ်နေရင်း ဆုံကြတာ” လို့ ပြောပါတယ်။
ဖမ်းဆီးရမိတဲ့ အစ်ကိုဖြစ်သူ စစ်သားဟာ အသက် ၄၀ ဝန်းကျင်အရွယ်ဖြစ်ပြီး ညီဖြစ်သူကတော့ လက်ရှိ အသက် ၂၀ ကျော်အရွယ်နဲ့ နောင်ချိုတိုက်ပွဲ စတင်ကည်းက DPLF တပ်ရင်းမှာ တာဝန်ထမ်းဆောင်နေသူ ဖြစ်တယ်လို့ ဆိုပါတယ်။
သူတို့ ၂ ဦးစလုံးဟာ စစ်ကိုင်းတိုင်းဘက်ကလာတဲ့ ဗမာလူမျိုးဖြစ်ပြီး လက်ရှိမှာ အစ်ကိုဖြစ်သူဟာ ဒဏ်ရာ ရရှိထားတာကြောင့် ညီဖြစ်သူက ပြုစုပေးနေရတယ်လို့ သိရပါတယ်။
DPLF ဟာ ဓနုပြည်သူကို ကိုယ်စားပြုထားပေမဲ့ ဓနုလူမျိုးအပြင် ရှမ်း၊ တအာင်း၊ ပအိုဝ်း၊ ဗမာ စတဲ့လူမျိုးလည်း ပါဝင်ကြတဲ့ အဖွဲ့အစည်းဖြစ်ပြီး နောင်ချိုနဲ့ ရှမ်းတောင် ကျောက်ဂူဒေသမှာ စစ်တပ်နဲ့ တိုက်ပွဲ ဖြစ်ပွားနေပါတယ်။