ဇူလိုင် ၈ရက်၊ လားရှိုး
သိန္နီမြို့ကို စစ်ကောင်စီတပ်ထံ ပြန်လည်လွဲပေးရေး ဆွေးနွေးပွဲကို တရုတ်က ဦးဆောင်ပြီး ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ကိုးကန့်တပ်နဲ့စစ်ကောင်စီတို့ တွေ့ဆုံဆွေးနွေးခဲ့ပြီး ဆွေးနွေးမှု မအောင်မြင်ဘူးလို့ ရွှေဖီမြေရဲ့ သတင်းအရင်းမြစ်တွေထံက သိရပါတယ်။
အဲဒီဆွေးနွေးပွဲကို လားရှိုးမြို့ ဆင်နှစ်ကောင်ဟိုတယ်မှာ တံခါးပိတ်ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။
ဆွေးနွေးပွဲအပြီး စစ်ကောင်စီဘက်က အင်အားဖြည့်တင်းတာတွေ ပြလုပ်နေသလို ခလရ(၄၁)မှာလည်း လက်နက်ကြီးတွေ တပ်ဆင်နေပြီး ကိုးကန့်တပ်ဘက်ကလည်း အင်အားတွေ ဖြည့်တင်းနေတယ်လို့ သတင်းအရင်းမြစ်က ပြောပါတယ်။
“လားရှိုး မန်အိုင်ရပ်ကွက်တွေထဲထိ ကိုးကန့်တပ်က ရှေ့တိုး တပ်စွဲထားလိုက်ပြီ။ အရင်က မြို့ပြင်ပဲနေတာ။ ရှေ့တိုးလာတဲ့ သဘောပေါ့။ ဘယ်လိုလာမလဲ စောင့်ကြည့်ရမယ်”လို့ ဆိုပါတယ်။
ဒါ့အပြင် ကိုးကန့်တပ် ထိန်းချုပ်ထားတဲ့ လားရှိုးမြို့ပြင်ရှိ ကျေးရွာတွေကိုလည်း ညဘက်အချိန်တွေမှာ မီးပိတ်ထားဖိုး ကိုးကန့်တပ်ဘက်က ဆော်ဩထားပါတယ်။
ဆွေးနွေးပွဲရလဒ်ကို ရွှေဖီမြေက အတည်ပြုနိုင်ဖို့ ကိုးကန့်တပ်ဘက်ကို ကြိုးစားဆက်သွယ်နေပေမယ့် မရသေးပါဘူး။
သိန္နီမြို့ကို စစ်ကောင်စီလက်ထံ လာမယ့် စက်တင်ဘာလမှာ အပြီးပြန်လွဲပေးမယ်ဆိုတဲ့ သတင်းဟာ ပြီးခဲ့တဲ့ လအတွင်း ပြန့်နှံ့နေခဲ့တာ ဖြစ်ပါတယ်။
သိန္နီမြို့ကို ပြီးခဲ့တဲ့ ၂၀၂၄ခုနှစ် ဇန်နဝါရီလမှာ ကိုးကန့်တပ်နဲ့တော်လှန်ရေးပူးပေါင်းတပ်တို့ သိမ်းပိုက်ထားခဲ့တာ ဖြစ်ပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။