လွေးထွေး၊ နိုဝင်ဘာ ၂ ရက်၊ ရွာငံ
ရှမ်းတောင် ဓနုဒေသ ရွာငံမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်- DSNDA တို့ တိုက်ပွဲ ဖြစ်ပွားခဲ့ရာ စစ်တပ်ဘက်က ၂ ဦး သေဆုံးခဲ့ပြီး ၁ ဦး ဒဏ်ရာ ရခဲ့ကြောင်း DSNDA ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
အောက်တိုဘာ ၃၀ ရက် နေ့လယ် ၂ နာရီဝန်းကျင်မှာ ရွာငံမြို့နယ် ရနဲကျေးရွာအနီးမှာ တိုက်ပွဲ ဖြစ်ပွားခဲ့တာပဲ ဖြစ်ပါတယ်။
”စကမတွေက ဆိုင်ကယ်နဲ့ ရနဲကနေ ရိက္ခာ သယ်ပြန်တာ။ အဲဒါနဲ့ ကျနော်တို့တပ်နဲ့ ထိပ်တိုက်တွေ့တာ။ အဲအချိန် ပစ်ခတ်မှု ဖြစ်ပွားခဲ့တာပါ” လို့ DSNDA ရဲ့ ပြန်ကြားရေးတာဝန်ခံ ကိုကျားပျံက ပြောပါတယ်။
တိုက်ပွဲ ဖြစ်ပွားချိန်ဟာ ၅ မိနစ်ဝန်းကျင်ကြာပြီး စစ်တပ်ဘက်က သေဆုံးသူအပြင် လက်နက်တချို့ကိုပါ သိမ်းဆည်းရမိကြောင်း သူက ဆက်ပြောပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လကလည်း ရနဲရွာအနီး အင်အား ၂၀၀ ကျော်ရှိတဲ့ စစ်တပ်ရဲ့ စစ်ကြောင်းကို DSNDA က မိုင်းခွဲတိုက်ခိုက်ခဲ့လို့ ၂၀ နီးပါး သေဆုံးခဲ့ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။