မိုင်းအရှိုင်း၊ ဩဂုတ် ၁၁ ရက်၊ ကျောက်မဲ
တအာင်းတပ် – PSLF/TNLA ထိန်းချုပ်ထားတဲ့ ကျောက်မဲမြို့မှာ မိုးကြီးရေလျှံဖြစ်ပွားနေတဲ့အချိန် ပျောက်ဆုံးသွားခဲ့တဲ့ အသက် ၃ နှစ်အရွယ် ကလေးငယ် ၁ဦး ဟာ ရေနစ်ပြီးသေဆုံးလျက် ပြန်လည်တွေ့ရှိခဲ့တယ်လို့ ရွှေဖီမြေက စုံစမ်းသိရပါတယ်။
အဲကလေးငယ်ဟာ ဂေါ်ရခါးလူမျိုး ပြည်ဖြိုးမောင်ဆိုသူဖြစ်ပြီး ပြီးခဲ့တဲ့ ဩဂုတ် ၇ ရက်ကတည်းက မိုးအပြင်းအထန်ရွာသွန်းလို့ ကျောက်မဲမြို့ ရပ်ကွက်နေရာအများစု ရေကြီးနေတဲ့အချိန်မှာ ပျောက်ဆုံးသွားနေခဲ့တာလို့ ဖြစ်စဥ်သိရှိသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
“ကလေးက အဲ ဩဂုတ် ၇ ရက် ကတည်းက ပျောက်နေတာထင်တယ်။ မနေ့ ဩဂုတ် ၁၀ ရက်မှ သူတို့တွေ့ပြီးတော့ သဂြိုလ်ကြောင်း လာပြောတာ”
သေဆုံးနေတဲ့ ပြည့်ဖြိုးအောင်ရဲ့ ရုပ်အလောင်းကို မနေ့ ဩဂုတ် ၁၀ရက်နေ့မှာ ပြန်တွေ့ခဲ့တာလို့ ဆိုပါတယ်။
ရွှေဖီမြေ ရရှိထားတဲ့ အချက်အလက်အရ ကျောက်မဲမြို့နယ်ထဲမှာ မိုးအပြင်းအထန်ရွာသွန်းတာကြောင့် ပြီးခဲ့တဲ့ ဩဂုတ် ၆ ရက်ကစပြီး ရေကြီးရေလျှံမှု ဖြစ်ပွားကာ အနည်းဆုံး ဒေသခံ ၅ ဦးသေဆုံးသွားခဲ့ပြီ ဖြစ်ပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။