မိုင်းရူပ၊ ဇူလိုင် ၂၀ ရက်၊ ကျောက်မဲ
တအာင်းတပ်မတော်- PSLF/TNLA ထိန်းချုပ်ထားတဲ့ ကျောက်မဲမြို့နဲ့ မိုင်းလုံမြို့ကြားမှာ လမ်း ပျက်စီးနေတာကြောင့် ကားတွေ နေ့စဉ်လိုလို ပိတ်မိနေပါတယ်။
မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် လမ်းတွေ ပျက်စီးနေတဲ့အတွက် နေ့စဉ်လိုလို ကား ရာနဲ့ချီ ပိတ်မိနေပြီး အလှည့်ကျနဲ့ ဖြတ်သန်းနေရတယ်လို့ ကားသမားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
“လမ်း ပျက်နေတော့ အလှည့်ကျ သွားနေရတယ်။ အတက်ကား ဆင်းရင် အဆင်းကားက ပြန်စောင့်။ မနက်ကတည်းကလာတာ ညနေ ၄ နာရီအထိတောင် မသွားရသေးဘူး”
ကျောက်မဲ-မိုးကုတ်လမ်းပိုင်းက ပျက်စီးသွားတဲ့လမ်းတွေကို PSLF/TNLA ဘက်က ပြန်လည် ပြုပြင်နေပေမဲ့ တချို့နေရာကိုသာ ပြုပြင်နိုင်သေးတာကို တွေ့ရပါတယ်။
ကျောက်မဲ-နောင်ချိုကြားရှိ ဂုတ်တွင်းတံတား မိုင်းခွဲဖျက်ဆီးခံလိုက်ရတာကြောင့် ရှမ်းမြောက်ကနေ မန္တလေးသွားဖို့ ကားသမားတွေက ကျောက်မဲ-မိုင်းလုံ-မိုးကုတ်-မန္တလေးလမ်းပိုင်းကို အားထားနေရတာပဲ ဖြစ်ပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။