မိုင်းရူပ၊ သြဂုတ် ၇ ရက်၊ ကျောက်မဲ
မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှု ဖြစ်နေတဲ့ တအာင်းတပ်မတော်- PSLF/TNLA ထိန်းချုပ်ထားတဲ့ ကျောက်မဲမြို့နယ်မှာ ရေထဲ မျောပါပြီး သေဆုံးနေတဲ့ အမျိုးသားအလောင်း ၂ လောင်း တွေ့ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မနေ့ သြဂုတ် ၆ ရက် နေ့လယ်ပိုင်းကစပြီး ကျောက်မဲမြို့ပေါ်နဲ့ မြို့အနီးက ကျေးရွာတွေမှာ ရေကြီးရေလျှံမှု ဖြစ်ပေါ်ခဲ့တာဖြစ်ပြီး ဒီနေ့ သြဂုတ် ၇ ရက် မနက်ပိုင်းမှာ ကျောက်မဲမြို့နယ် ကောင်းလန်းနဲ့ နောင်ကွမ်ရွာကြားရှိ ချောင်းဘေးမှာ သေဆုံးနေတဲ့ အမျိုးသားအလောင်း ၁ လောင်း တွေ့ခဲ့တယ်လို့ ကျောက်မဲဒေသခံ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
“မနေ့ ရေကြီးတော့ တောင်ကျရေနဲ့ ပါသွားတာ။ အလောင်းက ကောင်းလန်းနဲ့ နောင်ကွမ်ရွာကြားက ချောင်းဘေးမှာ တွေ့တယ်။ ရေထဲ မျောပါတဲ့တစ်ယောက်က ဘယ်ကလဲ မသိသေးဘူး။ သူက ရှမ်းလူမျိုးလို့ သိရတယ်။ ဒီနေ့တော့ ရေ ကျသွားပြီ”
ဒါ့အပြင် မနေ့မှာလည်း နောင်ချိုကနေ ကျောက်မဲမြို့နယ် နောင်ပိန်ကျေးရွာဘက် စစ်ရှောင်လာတဲ့ အသက် ၅၀ ကျော်အရွယ် ဦးဒီးယားဆိုသူဟာ ဆိုင်ကယ်နဲ့ လာနေစဉ် နမ့်ဟူးရွာအကျော်မှာ ရေစီးထဲ မျောပါပြီး သေဆုံးသွားပါတယ်။
သေဆုံးသူ ဦးဒီးယားရဲ့ ရုပ်အလောင်းကို ဒီနေ့ သြဂုတ် ၇ ရက် မနက်ပိုင်းမှာ ပြန်တွေ့ခဲ့ပြီး နောင်ပိန် ဂေါ်ရခါးသုသာန်မှာ ပို့ဆောင်ပေးခဲ့တယ်လို့ ကမ်းလင့်လက်များ လူမှုကူညီရေးအသင်း(နောင်ပိန်) က ၎င်းတို့ရဲ့ လူမှုကွန်ရက်ပေါ်မှာ ဖော်ပြထားပါတယ်။
မနေ့ သြဂုတ် ၆ ရက်မှာ ဖြစ်ပွားတဲ့ ရေကြီးရေလျှံမှုမှာ ကျောက်မဲမြို့ပေါ်အပါအဝင် စစ်တပ်ရဲ့ လက်နက်ကြီးဒဏ် မကြာခဏ ခံနေရတဲ့ နောင်ပိန်ရွာမှာလည်း ရေးကြီးရေလျှံမှု ဖြစ်ပေါ်ခဲ့ပြီး အိမ်အုတ်တံတိုင်း ပျက်စီးတာ၊ ရေတိုက်စားလို့ လမ်းပျက်စီးတာ ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လကစပြီး ရှမ်းပြည်နယ်အပါအဝင် နိုင်ငံတဝန်းက နေရာတချို့မှာ ရေကြီးရေလျှံမှု ဖြစ်ပေါ်ခဲ့ပြီး လူသေဆုံးတဲ့အထိ ဖြစ်ခဲ့ပါတယ်။
ကရင်ပြည်နယ် သံတောင်ကြီးမြို့မှာလည်း ဒီရက်ပိုင်းအတွင်း မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် မြေပြိုမှု ဖြစ်ပေါ်ခဲ့ပြီး သေဆုံးသူ ၁၂ ဦးအထိ ရှိလာပြီလို့ သိရပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။