မြတ်နိုး၊ မေ ၉၊ ဗန်းမော်
ကချင်ပြည်နယ်၊ ဗန်းမော် နဲ့ ဖားကန့်လမ်းဘက်မှာ စစ်ကောင်စီတပ်နဲ့ KIAပူးပေါင်းတပ်ဖွဲ့တို့အကြား တိုက်ပွဲဆက်လက် ပြင်းထန်နေပြီး စစ်ကောင်စီရဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် ဗန်းမော်က စစ်ဘေးဒုက္ခသည် အချို့ထိခိုက်၊ သေဆုံးတာတွေ ရှိနေကြောင်း ရှေ့တန်းသတင်းရင်းမြစ်တွေနဲ့ ဒေသခံတွေဆီက သိရပါတယ်။
“KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေ စကခ – ၂၁ တပ်ထဲ တိုက်နေဆဲပါ။ ပြီးခဲ့တဲ့ ဧပြီလ ၂၉ ရက်နေ့က ဗန်းမော် ညောင်ပင်ရပ်မှာ လက်နက်ချခဲ့တဲ့ စစ်ကောင်စီ တပ်မိသားစုနဲ့ ရဲဘော်၊ ရဲမေ ၁၆၀ ကျော်ကို မြို့ပြင်ဘက်ခေါ်ထုတ်လိုက်နိုင်ပြီ လို့သိရတယ်” လို့ ရှေ့တန်း သတင်းရင်းမြစ် တစ်ဦးက ပြောပါတယ်။
စစ်ကောင်စီဘက်က ၁ရက်ကို Y-8လေယာဉ် နဲ့အနည်းဆုံး ၆ခေါက်ထက်မနည်း ရိက္ခာနဲ့ ပစ္စည်းတွေ လာချပေးနေတယ်လို့ သူက ပြောပါတယ်။
“ဗန်းမော်မှာ စစ်ရှောင်တွေ ကျန်သေးတယ်။ရပ်ကွက်ထဲက တချို့တွေ တောင်လေးလုံးနဲ့ကမ်းနား ဘုန်းကြီးကျောင်းမှာ စုနေထားကြတာ။ ငွေမရှိရင် စစ်ရှောင်ဖို့မလွယ်ပါဘူး။ ကမ်းနားရိပ်သာကျောင်းကို စစ်ကောင်စီက KIA ရှိတယ်ထင်ပြီး ဗုံးကြဲလိုက်တာ။ စစ်ရှောင် ပြည်သူတွေ သေကုန်ပြီ။ အိမ်နား အသိတွေ ပါသွားတယ်။ စိတ်ထိခိုက်ရတယ်” လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။
မနေ့ မေလ ၈ ရက်နေ့မှာ စစ်ကောင်စီက စစ်ရှောင်ပြည်သူတွေ ရှိနေတဲ့ ညောင်ပင်ရပ်ကွက်၊ ကမ်းနား ရိပ်သာ ဘုန်းကြီး ကျောင်းကို လေကြောင်းနဲ့ ၂ ကြိမ် ဗုံးကြဲ တိုက်ခိုက်ခဲ့ကြောင်း ဗန်းမော် Scout Team က သတင်းထုတ်ပြန်ထားပါတယ်။
အဲနေရာဟာ စစ်ရှောင်ပြည်သူတွေ အများဆုံး စုစည်းနေထိုင်တဲ့ နေရာဖြစ်ပြီး လေယာဉ် ဗုံးကြောင့် ၁၀ ဦးထက်မနည်း သေဆုံးပြီး ၃၀ ဝန်းကျင် ထိခိုက် ဒဏ်ရာ ရရှိကာ ကျန်ရှိနေတဲ့ စစ်ရှောင် ပြည်သူ ၃၈၀ ကျော်ကိုတော်လှန်ရေးတပ်ဖွဲ့တွေက ဘေးလွတ်ရာနေရာသို့ ခေါ်ယူပို့ဆောင်ထားပြီလို့လည်း ဖော်ပြထားပါတယ်။
စစ်ကောင်စီရဲ့ ဝါဒဖြန့် တယ်လီဂရမ်တွေမှာတော့ မနေ့ မေလ ၈ ရက်နေ့မှာ မင်းခေါင်စစ်ကြောင်းက ဗန်းမော်မြို့တွင်းရှိ KIA, PDF, AA တပ်ဖွဲ့တွေကို ဒရုန်း၊ လေကြောင်း၊ သံချပ်ကာ၊ အမြောက်ပစ်ကူယူ ချေမှုန်းပြီး မြေပြင် ၀င်ရောက်ရှင်းလင်းကြောင်း ဖော်ပြထားပါတယ်။
မနေ့ မေလ ၈ ရက်နေ့မှာပဲ ဖားကန့် သွားရာ လမ်းပေါ်ရှိ ကပ်မှော်စွပ် ဘုန်းကြီးကျောင်းနဲ့ ဆုတောင်းတောင်မှာ တပ်စွဲနေတဲ့ စစ်ကောင်စီတပ်ဖွဲ့၊ မင်းဇေသန့် ပြည်သူ့စစ် နဲ့ ရွှေမင်း ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့ကို KIA နဲ့ ပူးပေါင်းတော်လှန်ရေးတပ်ဖွဲ့က သွားရောက်တိုက်ခိုက်ခဲ့ပြီး တပ်စွဲထားတဲ့နေရာနဲ့ လက်နက်ခဲယမ်း ပစ္စည်းတချို့ ရရှိခဲ့တယ်လို့ ရှေ့တန်းနဲ့ နီးစပ် သူတွေက ပြောပါတယ်။
ဖားကန့်လမ်းကို ပြန်လည်ထိန်းချုပ်နိုင်ရန် စစ်ကောင်စီ တပ်ဖွဲ့က ပြီးခဲ့တဲ့ ဧပြီလကစ လေကြောင်း ပစ်ကူယူကာ မြေပြင် စစ်ကြောင်းထိုး ထိုးစစ်ဆင်လာနေတာ ဖြစ်ပါတယ်။
အဲဒီ ဖားကန့်သွားလမ်းပေါ်က နန့်ယား၊ ဆိုင်းဖရာ၊ ကပ်မှော်စွပ် ရွာတွေကို ၂ဝ၂၄ ခုနှစ် ဧပြီလက KIA ပူးပေါင်းတပ်ဖွဲ့တွေ သိမ်းပိုက် ထိန်းချုပ် ထားတာ ဖြစ်ပါတယ်။