ပို့လဘား၊ ဩဂုတ် ၂၂ ရက်၊ နောင်ပိန်
ကျောက်မဲမြို့နယ် နောင်ပိန်ကျေးရွာထဲ စစ်တပ်က လက်နက်ကြီးနဲ့ဒရုန်းအပြင် လေကြောင်းကနေ တိုက်ခိုက်ခဲ့လို့ နေအိမ် ၅ လုံးထက်မနည်း မီးလောင်ပျက်စီးခဲ့ပါတယ်။
“Y-12 နဲ့ အလုံး ၃၀ ကျော်တယ် လာချတာ။ လက်နက်ကြီးတွေ ဒရုန်းတွေရောပဲ။ ရပ်ကွက် ၁ မှာ နေအိမ် ၄ လုံး လောင်တယ်။ ရပ်ကွက် ၂ မှာလည်း လက်နက်ကြီးတစ်လုံး ကျတယ်။ ပွန်းပဲ့တဲ့ အိမ်တော့ အများကြီးပါပဲ။ လုံးလုံးလောင်ထားတဲ့အိမ်က ၁ လုံးပဲ ရပ်ကွက် ၂ ဘက်မှာ” ဆိုပြီး ဒေသခံတစ်ဦးက ပြောပါတယ်။
အလားတူ မနေ့ ဩဂုတ် ၂၁ ရက် ည ၇ နာရီကျော်မှာ နောင်ပိန်ရွာထဲ Y-12 နဲ့ ဗုံးကြဲတိုက်ခိုက်တဲ့အပြင် လက်နက်ကြီး၊ ဒရုန်းနဲ့လည်း ပစ်ခတ်တိုက်ခိုက်ခဲ့သလို ဩဂုတ် ၂၀ ရက်မှာလည်း ရပ်ကွက် ၁ နဲ့ ၂ ကို Y-12 နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
စစ်တပ်ဟာ ဒရုန်းနဲ့ လက်နက်ကြီး ဆက်တိုက် ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် နောင်ပိန်ရွာခံအပြင် ဇီးပင်၊ ပင်ပေါ၊ ပင်တိန်၊ ပင်တီး၊ ကျောင်းကုန်း၊ ဖီသစ်၊ ခေးနင်းနဲ့ လွယ်ကုန်ဒေသခံတွေလည်း ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် စစ်တပ်ဘက်က ထိုးစစ်ဆင် တိုက်ခိုက်နေတာကြောင့် နောင်ပိန်ရွာအနီး ထန်းတပင်ရွာဘက်မှာ စစ်တပ်နဲ့ တအာင်းတပ်- TNLA တို့ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ် ၂၀ ရက် နောင်ပိန်ရွာထဲ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခံရမှုမှာ ကလေးအပါအဝင် ဒေသခံ ၁၀ ဦးထက်မနည်း သေဆုံးပြီး ၁၂ ဦး ထက်မနည်း ဒဏ်ရာ ရရှိခဲ့ပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။