ယာရူစိင်၊ ဇူလိုင် ၈ ရက်၊ ကျောက်မဲ
PSLF/ TNLA ထိန်းချုပ်ထားတဲ့ ကျောက်မဲမြို့ကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် အနည်းဆုံး ၁ ဦးသေဆုံးပြီး ၃ ဦး ထိခိုက်ဒဏ်ရာရှိခဲ့တယ်လို့ ဒေသခံတွေက ရွှေဖီမြေကို ပြောပါတယ်။
ဒီနေ့ ဇူလိုင် ၈ ရက် ၉ နာရီအချိန်မှာ ကျောက်မဲမြို့ရှိ ငြိမ်းချမ်းရေးကုန်း ဘိုးဘွားရိပ်သာအနီးကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ပေါင် ၅၀၀ ဗုံး၂လုံး ချတိုက်ခဲ့တာပါ။
“ကျောက်မဲကို နှစ်ခါ လာကြဲသွားတာ။ ကြဲသွားတဲ့ နေရာကလည်း လူတွေနေတဲ့နေရာတွေပဲ။ ဗုံးကြဲလို့ ၁ ယောက်သေတယ်လို့ သိရတယ်။ တစ်လုံးက လမ်းမကြီးမှာကျတာ။ လမ်းတောင်ဖြတ်မရတော့ဘူး။ နောက်တစ်လုံးက ငြိမ်းချမ်းရေးကုန်းနားမှာရှိတဲ့ ရုံးတစ်ခုပေါ့”
အဆိုပါ ဗုံးကြဲတိုက်ခိုက်မှုကြောင့် လူထိခိုက် သေဆုံးမှုနဲ့ ပျက်စီးမှု အသေးစိတ်အခြေအနေနဲ့ ပတ်သက်ပြီး ရွှေဖီမြေက ထပ်မံ စုံစမ်းနေဆဲ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၂၄ ရက်ကနေ ၂၉ ရက်အထိ တစ်ပတ်အတွင်း ကျောက်မဲမြို့ကို စစ်ကောင်စီတပ်က လေကြောင်းကနေ တိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ၅ ဦး သေဆုံးပြီး ၂၂ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။