ပို့လဘား၊ ဇူလိုင် ၁၉ ရက်၊ မူဆယ်
စစ်ကောင်စီတပ် ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် မူဆယ်မြို့မှာ ပိုင်ရှင်မဲ့အလောင်းတစ်လောင်း ထပ်မံ တွေ့ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မနေ့ ဇူလိုင် ၁၈ ရက်မှာ မူဆယ်မြို့ ဟိုနားနယ်မြေ ကောင်းမှုတုံရပ်ကွက်နဲ့ မန့်မိုင်ရွာကြားမှာ ပုပ်ပွနေတဲ့ အမျိုးသားအလောင်းတစ်လောင်း တွေ့ရှိခဲ့တာလို့ ဒေသခံ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
“အလောင်းကို ကြည့်ရသလောက် ဘိန်းစားလည်း မဟုတ်ဘူး။ လည်ပင်းမှာလည်း ကြိုးရာတွေနဲ့ လျှာလည်း ထွက်ထားတယ်။ အလောင်းလည်း ပုပ်ပွနေပြီ။ ခန္ဓာကိုယ်ပေါ်မှာလည်း လောက်တွေ တက်နေပြီ”
အလောင်းကိုတော့ မူဆယ်မြို့မှာရှိတဲ့ လက်ဖက်ညွန့် လူမှုကူညီရေးအသင်းနဲ့ မြင့်မြတ်ပါရမီ လူမှုကူညီရေးအသင်းတို့က သယ်ဆောင်ပေးခဲ့တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၁၂ ရက်ကလည်း မူဆယ်မြို့ ဟိုနားရပ်ကွက်က အမှိုက်ပုံမှာ ပိုင်ရှင်မဲ့ အလောင်းတစ်လောင်း တွေ့ရှိခဲ့ပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။