လွေးထွေး၊ ဧပြီ ၂၇ ရက်၊ လားရှိုး
စစ်ကောင်စီတပ် ပြန်လည်ဝင်ရောက်လာတဲ့ လားရှိုးမြို့မှာ ဓားခုတ်မှု ထပ်မံဖြစ်ပွားခဲ့ပြီး တစ်ပတ်အတွင်း ဓားခုတ်မှုနဲ့ ဓားပြတိုက်မှု ၃ ကြိမ် ဖြစ်ပွားခဲ့ကြောင်း ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
မနေ့ ဧပြီ ၂၆ ရက် ည ၇ နာရီ ဝန်းကျင်မှာ လားရှိုးမြို့ ရပ်ကွက် ၉၊ နယ်မြေ ၁၊ လမ်းသွယ် ၁၀ မှာ နေထိုင်တဲ့ ဦးမောင်ဆိုတဲ့ နေအိမ်ထဲကို ဓားပြတစ်စုကဝင်ပြီး ၎င်းအမျိုးသားရဲ့ ဦးခေါင်းနဲ့လက်ကို ဓားနဲ့ခုတ်ခဲ့လို့ သေဆုံးသွားခဲ့တာ ဖြစ်ပါတယ်။
ဖြစ်စဉ်ကိုသိရသူ အမျိုးသမီးက ” ဓားပြအုပ်စုက လာတယ်လို့ပြောတယ်။ ပစ္စည်းဝင်ခိုးမလို့ လုပ်တာထင်တယ်။ အဲတာကိုသူက ကာကွယ်တာလို့ သိရတယ်။ ဘာတွေ ပါသွားလည်း ဆိုတာလည်း မသိရဘူး။ သူကလည်း ချက်ချင်းတော့မသေဘူး။ ဆေးရုံသွားဖို့လုပ်ရင်း သွေးထွက်လွန်လို့ သေသွားတာ” လို့ ပြောပါတယ်။
၎င်းသေဆုံးသွားသူရဲ့ ရုပ်အလောင်းကို ပရဟိတအသင်းတစ်ခုက လားရှိုးဘာသာပေါင်းစုံသုသာန်သို့ ပို့ဆောင်ပေးခဲ့တယ်လို့ ဆိုပါတယ်။
နောက်ထပ် လားရှိုးမြို့ခံ အမျိုးသားက “ဒီလိုအချိန်မှာ သွားလာရင် အချိန်အခါလေးကြည့်ပြီး သွားလာကြပါ။ ဘယ်သူမှလည်း ဘာမှမလုပ်ပေးနိုင်သေးတာကြောင့် ကိုယ်ဖြစ်ကိုခံနေရတာဘဲ ” လို့ ပြောပါတယ်။
အလားတူ ပြီးခဲ့တဲ့ ဧပြီ ၂၄ ရက်ကလည်း လားရှိုးမှာ ဓာတ်ပုံ လာရိုက်တဲ့ အတွဲ ဓားပြတိုက်ခံရလို့ ငွေကျပ် သိန်း ၁၀၀ နဲ့ ကားတစ်စီး ပါသွားခဲ့ပြီး ပြီးခဲ့တဲ့ ဧပြီ ၂၃ ရက်ကလည်း ထင်းရှူးမြိုင်သွားတဲ့ ပါရမီလမ်းသွယ်မှာ အမျိုးသမီးငယ်တစ်ဦး ဓားပြတိုက်ခံခဲ့ရဖူးပါတယ်။