လွေးလာဝ်ဇာရ်၊ အောက်တိုဘာ ၂၂ ရက်၊ ကျောက်မဲ
ရှမ်းမြောက် ကျောက်မဲမြို့နယ်ထဲမှာ စစ်ကောင်စီတပ်က လေကြောင်းနဲ့ ထပ်မံဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေး ၁ ဦးအပါအဝင် ၃ ဦး ထိမှန်ဒဏ်ရာရရှိထားတယ်လို့ ဖြစ်စဉ်သိရှိသူ အမျိုးသမီးတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
မနေ့ည ၁၂ နာရီခွဲမှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ တော့ဆန်ကျေးရွာအုပ်စု မန်စံကျေးရွာကို ဂျက်ဖိုက်တာတစ်စီးနဲ့ ပေါင် ၂၅၀ ဗုံး ၂ လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
ဖြစ်စဉ်သိရှိသူ အမျိုးသမီးတစ်ဦးက “ညသန်းခေါင်ယံမှာ လာကြဲတာ။ ဘုန်းကြီးကျောင်းရော ထိခိုက်ပျက်စီးတယ်။ ဒဏ်ရာရတဲ့ထဲမှာ ကလေးငယ်တစ်ဦးလည်း ပါတယ်” လို့ ပြောပါတယ်။
ဗုံးကျရောက်ပေါက်ကွဲမှုကြောင့် ကလေး ၁ ဦးအပါအဝင် အမျိုးသမီး ၁ ဦးနဲ့ အမျိုးသား ၁ ဦး ထိမှန်ဒဏ်ရာ ရရှိထားတဲ့အပြင် နေအိမ် ၅ အိမ်လုံးလည်း ထိခိုက်ပျက်စီးသွားခဲ့တယ်လို့ ဆိုပါတယ်။
မနေ့ အောက်တိုဘာလ ၂၁ ရက်မှာလည်း မိုးကုတ်မြို့ အရှေ့ပိုင်းမှာ စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ် ၃ ဦး သေဆုံးပြီး ကလေး ၄ ဦးအပါအဝင် ၁၂ ဦး ထိမှန်ဒဏ်ရာရခဲ့ပါတယ်။
အောက်တိုဘာ ၁ ရက်ကနေ ဒီနေ့ အောက်တိုဘာလ ၂၁ ရက်အထိ စစ်ကောင်စီတပ်က မန်တုံမြို့မှာ (၂) ကြိမ်၊ ကျောက်မဲမြို့ (၂) ကြိမ်၊ သီပေါမြို့ (၆) ကြိမ်၊ မိုင်းငေါ့မြို့ (၃) ကြိမ်၊ မိုင်းလုံမြို့ (၃) ကြိမ်၊ နမ့်ဆန်မြို့ (၆) ကြိမ်၊ နမ္မတူမြို့ (၅) ကြိမ်၊ မိုးမိတ်မြို့ (၃) ကြိမ်နဲ့ မိုးကုတ်မြို့မှာ (၄) ကြိမ် စုစုပေါင်း (၃၄) ကြိမ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တာဖြစ်ပြီး ကျောက်မဲမြို့ကို ဒရုန်းနဲ့လည်း (၁) ကြိမ် ကြဲချတိုက်ခိုက်ခဲ့တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။
ရွှေဖီမြေက ရရှိထားတဲ့ အချက်အလက်အရ PSLF/TNLA ထိန်းချုပ်ထားတဲ့ ဒေသတွေကို အောက်တိုဘာ ၁ ရက်ကနေ ဒီနေ့ အောက်တိုဘာ ၂၂ ရက်အထိ စစ်ကောင်စီတပ်ရဲ့ လေကြောင်းကနေ အဆက်မပြတ် ဗုံးကြဲတိုက်ခိုက်မှုကြောင့် သေဆုံးသူ ကလေး ၉ ဦးအပါအဝင် ၄၇ ဦး သေဆုံးခဲ့ပြီး ကလေး ၁၁ ဦးအပါအဝင် ၄၉ ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။