ပို့လဘား၊ စက်တင်ဘာ ၅ ရက်၊ လားရှိုး
စစ်တပ်ပြန်ထိန်းချုပ်နေတဲ့ ရှမ်းမြောက် လားရှိုးမြို့က သံတိုသံစရောင်းဝယ်တဲ့ နေအိမ်တစ်ခုမှာ ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ပြီး ဒေသခံ ၄ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ မြို့နေအမျိုးသားတစ်ဦးက ပြောပါတယ်။
စက်တင်ဘာ ၃ ရက် နေ့လယ် ၁၂ နာရီခွဲအကျော်မှာ လားရှိုးမြို့ ရပ်ကွက် (၁) နှင်းဆီလမ်းသွယ် (၄) ရန်တိုင်းအောင် အနောက်ဘက်မှာရှိတဲ့ သံတိုသံစရောင်းဝယ်တဲ့ နေရာမှာ ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။
“သူတို့ သံတိုသံစတွေ ထုလို့ ပေါက်ကွဲတာ။ အသံက “အုံး” ဆိုတော့ အကုန်လန့်ကြတာပေါ့။ ၄ ယောက် ဒဏ်ရာရထားတယ် ပြောတယ်။ မိုင်းပေါက်ကွဲတယ်လို့ ပြောကြတာပဲ” လို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လ ၆ ရက်ကလည်း လားရှိုးမြို့အထွက် မယ်ဟန်ဂိတ်အနီးရှိ စစ်ကောင်စီတပ်ရဲ့ ဂိတ်မှာ စစ်ကောင်စီတပ်သားတစ်ဦးက မိုင်းနင်းမိပြီး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
တရုတ်ရဲ့ ကြားဝင်စေ့စပ်မှုကြောင့် စစ်ကောင်စီတပ်နဲ့ MNDAA တပ်တို့အကြား အပစ်ရပ်ဖို့ သဘောတူခဲ့ပြီးနောက် ကိုးကန့်တပ်ဟာ လားရှိုးမြို့ကနေ ပြီးခဲ့တဲ့ ဧပြီ ၂၁ ရက်က ထွက်ခွာခဲ့ရပြီး စစ်ကောင်စီတပ်ရဲ့ အုပ်ချုပ်ရေးယန္တရား ဝင်ရောက်လည်ပတ်နေတာ ဖြစ်ပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။