မိုင်းရူပ၊ မတ်လ ၂၆ ရက်၊ နောင်ချို
စစ်ကောင်စီတပ်နဲ့ တအာင်းတပ်မတော်- TNLA တို့ တိုက်ပွဲ ပြင်းထန်နေတဲ့ နောင်ချိုမြို့နယ် အုမ္မတီးရွာအနီးရှိ သုံးဆယ်ရွာကို လေကြောင်းနဲ့ တိုက်ခိုက်ခဲ့ရာ အရပ်သား ၄ ဦး သေဆုံးသွားတယ်လို့ သိရပါတယ်။
ဒီနေ့ မတ်လ ၂၆ ရက် ည ၆ နာရီခွဲဝန်းကျင်မှာ စစ်တပ်က အုမ္မခါး၊ သုံးဆယ်နဲ့ ရွှေညောင်ပင်ရွာတွေကို ဂျက်ဖိုက်တာ ၂ စီး အသုံးပြုပြီး ဗုံး ၅ ကြိမ် ကြဲချတိုက်ခိုက်ခဲ့တာပဲ ဖြစ်ပါတယ်။
မြေပြင်အခြေအနေ သိရှိသူတစ်ဦးက “လေယာဉ် ၂ စီးနဲ့ လာကြဲတာ။ အုမ္မခါးမှာ ၂ လုံး၊ သုံးဆယ်မှာ ၂ လုံး၊ ရွှေညောင်ပင်မှာ ၁ လုံး စုစုပေါင်း ဗုံး ၅ လုံး လာကြဲတာ။ သုံးဆယ်ရွာက အရပ်သား ၄ ဦး ဆုံးသွာတယ်” လို့ ရွှေဖီမြေကို ပြောပါတယ်။
လေကြောင်း တိုက်ခိုက်မှုကြောင့် သေဆုံးသွားတဲ့ အရပ်သားတွေရဲ့ အသေးစိတ် အချက်အလက်ကိုတော့ ရွှေဖီမြေက ဆက်လက် စုံစမ်းနေဆဲ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၂၂ ရက်မှာလည်း TNLA ထိန်းချုပ်ထားတဲ့ နောင်ချိုမြို့ တောင်ရပ်ကွက်ကို Y-12 လေယာဉ် အသုံးပြုပြီး တိုက်ခိုက်ခဲ့သလို ဟောင်ဝစ်ဇာ လက်နက်ကြီး အသုံးပြုပြီး ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။
ဒါအပြင် မတ်လ ၁၆ ရက် ညနေပိုင်းမှာ နောင်ချိုမြို့ပေါ်ရှိ စိန်ရတနာ ပရိယတ္တိ စာသင်တိုက်ကို ဂျက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကိုရင်အပါအဝင် သေဆုံးသူ ၁၀ ဦးနဲ့ ဒဏ်ရာရသူ ၁၈ ဦး ရှိခဲ့ပါတယ်။
နောင်ချိုမြို့နယ် တောင်းခမ်းနဲ့ အုမ္မတီးရွာအနီးတစ်ဝိုက်မှာတော့ စစ်တပ်က TNLA တပ်စခန်းတွေကို ထိုးစစ်ဆင် တိုက်ခိုက်နေပြီး တိုက်ပွဲ ဆက်လက် ပြင်းထန်နေပါတယ်။