ရဲမာန်၊ နိုဝင်ဘာ ၂ ရက်၊ ပေါက်
မကွေးတိုင်း ပေါက်မြို့နယ်ထဲက စစ်ရှောင်စခန်းကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကလေး ၂ ဦးအပါအဝင် ၅ ဦး ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
ဒီနေ့ နိုဝင်ဘာ ၂ ရက် မနက် ၈ နာရီဝန်းကျင်မှာ လယ်ဘဲ့ရွာအနီးရှိ စစ်ရှောင်စခန်းကို မိတ္ထီလာတက် ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ၎င်းက ဆိုပါတယ်။
“လေထီး၊ ဂျက်ဖိုက်တာ၊ Y-12 တို့နဲ့ နေ့တိုင်း ကြဲနေတာဆိုတော့ လက်နက်ဆံ အမျိုးအမည်တောင် မသိတော့ဘူး”
ဗုံးကြဲတိုက်ခိုက်မှုကြောင့် အသက် ၅၅ နှစ်အရွယ် ဒေါ်ကြည်ဆန်း၊ ၇၁ နှစ်အရွယ် ဦးအောင်ထူး၊ ၁၂ နှစ်အရွယ် မောင်မျိုးဇင်ကို၊ ၂ နှစ်အရွယ် မောင်ဟိန်းမင်းသူနဲ့ ကျအိုးရွာခံ မောင်ဟိန်းပြည့်ထက်တို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ၎င်းက ဆက်ပြောပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ် ၂၂ ရက် နေ့လယ် ၁ နာရီဝန်းကျင်မှာ ပေါက်မြို့နယ် ဆယ်ဝရွာကို စစ်တပ်က လေယာဉ် ၂ စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၅ ဦး သေဆုံးခဲ့တယ်လို့လည်း သိရပါတယ်။
ဩဂုတ် ၁၁ ရက်ကလည်း မြိုင်နဲ့ပေါက်မြို့နယ်ကို စစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၅ ဦး သေဆုံးပြီး ၃၀ ဦးထက်မနည်း ဒဏ်ရာ ရရှိခဲ့ဖူးပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။