မိုင်းရူပ၊ ဒီဇင်ဘာ ၁၀ ရက်၊ လားရှိုး
စစ်ကောင်စီတပ်ပြန်ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် လားရှိုးမြို့ရပ်ကွက်(၅)မှာ လောင်းကစားဝိုင်းလုပ်နေတဲ့ သတင်းထွက်ပြီးနောက် စစ်ကောင်စီတပ်က လိုက်လံဖမ်းဆီးတာတွေ ပြုလုပ်နေတယ်လို့ မြို့ခံတွေက ရွှေဖီမြေကို ပြောပါတယ်။
မနေ့ ဒီဇင်ဘာ ၉ ရက်မှာ လားရှိုးမြို့ ရပ်ကွက်(၅) အထက်မန်အိုင်ရှိ ခြံဝင်းတစ်ခုထဲမှာ လောင်းကစားဝိုင်း အကြီးအကျယ်ဖွင့်လှစ်နေတယ်ဆိုတဲ့ သတင်းကို ရွှေဖီမြေက ဖော်ပြပြီးနောက် ဖမ်ဆီးမှုတွေပြုလုပ်လာတာဖြစ်တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်ဘက်က စစ်ကားတွေအသုံးပြုပြီး လောင်းကစားလုပ်တဲ့ နေရာမှာ အသုံးပြုတဲ့ပစ္စည်းတွေကို လာရောက်သိမ်းဆည်းသွားတာဖြစ်ပြီး လောင်းကစားဝိုင်းဖွင့်တဲ့သူတွေကိုတော့ ဖမ်းဆီးတာမရှိဘူးလို့ မျက်မြင်တွေ့ရှိသူ လားရှိုးမြို့ခံအမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
“အကုန်ဖမ်းသွားပြီ။ စစ်ကားနဲ့ကို လာဖမ်းသွားတယ်။ စစ်ကား ၄ စီးနဲ့ လောင်းကစားဝိုင်းမှာ သုံးတဲ့ခုံတွေ အကုန်သိမ်းသွားတယ်။ လူတော့ ဖမ်းသွားတာမတွေ့ရဘူး” လို့ဆိုပါတယ်။
အဲလောင်းကစားဝိုင်းဟာ တိုင်းမှူးအပါအဝင် ဌာနဆိုင်ရာတွေကို ငွေပေးကာ လနဲ့ချီဖွင့်လှစ်ထားခဲ့တာ ဖြစ်ပါတယ်။
လားရှိုးမြို့ကို စစ်ကောင်စီတပ်ပြန်ထိန်းချုပ်ပြီးနောက် ရပ်ကွက် ၅ အထက်မန်အိုင်မှာ လောင်းကစားဝိုင်းတွေပေါများလာသလို မူးယစ်ဆေးဝါးသုံးစွဲသူတွေပေါများလာတယ်လို့ မြို့ခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၅ ရက် မနက်ပိုင်းမှာလည်း ရေကန်တောင်မှာရှိတဲ့ မူးယစ်ဆေးဝါးသုံးစွဲသူတွေကို စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေ လိုက်လံပစ်ခတ်ခဲ့တာရှ်ခဲ့ပြီး အဲပစ်ခတ်မှုကြောင့် အမျိုးသား ၁ ဦး သေဆုံးကာ ၂ ဦးထိမှန်ဒဏ်ရာရခဲ့ပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ နိုဝင်ဘာ ၅ ရက်မှာလည်း ရေကန်တောင်ရှိ နေအိမ်တစ်အိမ်မှာ စစ်ကောင်စီရဲ့ ရဲတပ်ဖွဲ့ဝင် ၃ ဦးကားတစ်စီးရောက်လာပြီး နေအိမ်အတွင်း မူးယစ်ဆေးဝါးရှိမရှိ ဝင်ရောက်စစ်ဆေးရာ ငွေသိန်း၂၀ ကျော် တောင်းခံသွားတဲ့ဖြစ်စဥ် ဖြစ်ပွားခဲ့ပါတယ်။
တရုတ်နိုင်ငံရဲ့ ကြားဝင်စေ့စပ်မှုကြောင့် ကိုးကန့်တပ်မတော်- MNDAA ထိန်းချုပ်ထားတဲ့ လားရှိုးမြို့ပေါ်က နေရာတွေကို ပြီးခဲ့တဲ့ ဧပြီလထဲမှာ စစ်ကောင်စီထံ ပြန်လည်လွှဲဲပြောင်းပေးခဲ့ရတာ ဖြစ်ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။