မိုင်းရူပ၊ သြဂုတ် ၈ ရက်၊ မူဆယ်
ညီနောင်မဟာမိတ် ၃ ဖွဲ့ ထိန်းချုပ်ထားတဲ့ မူဆယ် ၁၀၅ မိုင်မှာ ဖမ်းဆီးရမိတဲ့ ကျားဖြန့်လုပ်ကိုင်သူ တရုတ်နိုင်ငံသား ၁၁ ဦးကို အာရက္ခတပ်တော်- AA ရဲ့ မီးနဂါးစစ်ဒေသက တရုတ်ထံ လွှဲပေးခဲ့ပါတယ်။
အဲဒီကျားဖြန့်ဂိုဏ်းတွေကို ပြီးခဲ့တဲ့ ဇူလိုင် ၂၇ ရက်မှာ ၁၀၅ မိုင်ထဲက တောတွင်းတစ်နေရာမှာ ဖမ်းဆီးရမိခဲ့တာဖြစ်ပြီး ဖမ်းဆီးရမိသူတွေကိုတော့ ပြီးခဲ့တဲ့ သြဂုတ် ၆ ရက်မှာ နယ်စပ်ဂိတ်ကနေ တရုတ်ဘက် လွှဲပြောင်းပေးခဲ့တာပဲ ဖြစ်ပါတယ်။
“ဖမ်းမိတာ ၁၁ ဦးပေါ့။ ဒါကတော့ မဟာမိတ် ၃ ဖွဲ့နဲ့ မဆိုင်ဘူး။ အာရက္ခတပ်တော် (မီးနဂါးစစ်ဒေသက) ဖမ်းဆီးရမိပြီး လွှဲပြောင်းပေးတာ ဖြစ်တယ်” လို့ ဖြစ်စဉ်သိရှိသူ ၁၀၅ မိုင် ဒေသခံတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
၁၀၅ မိုင်ရှိ တရုတ်-မြန်မာနယ်စပ်ကုန်သွယ်ရေးဇုန်အပါအဝင် စစ်တပ်စခန်းတွေကို ပြီးခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းမှာ ညီနောင်မဟာမိတ် ၃ ဖွဲ့က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာပဲ ဖြစ်ပါတယ်။
ရှမ်းမြောက်ရှိ ညီနောင်မဟာမိတ် ၃ ဖွဲ့ ထိန်းချုပ်ထားတဲ့ ဒေသတွေမှာ အွန်လိုင်း ငွေလိမ်ဂိုဏ်းတွေ အရင်ကထက် လျော့နည်းလာပေမဲ့ နေရာတချို့မှာ အွန်လိုင်း ငွေလိမ်ဂိုဏ်းတွေ ဆက်ရှိနေဆဲ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဇွန်လထဲမှာလည်း တအာင်းတပ်မတော်- PSLF/TNLA ရဲ့ ရဲတပ်ဖွဲ့က ဖမ်းဆီးရမိတဲ့ ကျားဖြန့်လုပ်ကိုင်သူ တရုတ်နိုင်ငံသား ၁၂ ဦးကို တအာင်းရဲတပ်ဖွဲ့က တရုတ်ထံ လွှဲပြောင်းပေးခဲ့ဖူးပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။