ပို့လဘား၊ ဇူလိုင် ၂၈ ရက်၊ နမ္မတူ
တအာင်းတပ်မတော် – TNLA ထိန်းချုပ်ထားတဲ့ နမ္မတူမြို့က စတိုးကုန်း တတလ (၅) မှာ နေထိုင်တဲ့ အမျိုးသမီးတစ်ဦး ၅ ရက်ကြာ အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေတယ်လို့ မိသားစုဝင်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
အသက် ၁၉ နှစ်အရွယ်ရှိတဲ့ မမေသူဇော်ဟာ ပြီးခဲ့တဲ့ ဇူလိုင်လ ၂၄ ရက် မနက် ၁၀ နာရီကျော်က အိမ်ကနေ ထွက်သွားခဲ့တာဖြစ်ပြီး လက်ရှိအချိန်ထိ အဆက်အသွယ်မရတော့ဘူးလို့ ဆိုပါတယ်။
“သူ့ငယ်ချင်းဖုန်းဆက်လာတာ သူပြောတာတော့ တံတားထိပ်မှာ စောင့်တဲ့ လာခဲ့မယ် ဆိုပြီး ထွက်သွားတယ်။ သူထွက်သွားတဲ့အချိန် သူ့ညီမလေးကို ပြောသွားတာတော့ အပြင်ခဏထွက်အုံးမယ်။ မကြာဘူး တစ်နာရီပဲကြာမယ်တဲ့။ ပြန်လာမှ ဟင်းလာချက်မယ်ဆိုပြီး ပြောသွားတယ်။ သူ့ညီမလေးကလည်း စောင့်နေတာ သူပြန်မလာသေးလို့ သူ့ဆီဖုန်းဆက်တယ်။ ပထမ ဖုန်းခေါ်တဲ့အချိန်က ဖုန်းဝင်တယ် မကိုင်ဘူး။ နောက်တစ်ခေါက် ထပ်ဆက်တယ် မရတော့ဘူး”
မမေသူဇော်နဲ့ အဆက်အသွယ်မရတော့တာကြောင့် မိဘဖြစ်သူတွေက စိတ်ပူနေရပြီး ၎င်းကို တွေ့ရှိသူတွေအနေနဲ့ မိသားစုဝင်ထံ ဆက်သွယ်အကြောင်းကြားပေးဖို့ကိုလည်း တောင်းဆိုထားပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။