ပို့လဘား၊ စက်တင်ဘာ ၆ ရက်၊ လားရှိုး
ကျောက်မဲမြို့ကနေ လားရှိုးမြို့ဘက် စစ်ရှောင်သွားတဲ့ လူငယ်တစ်ဦး လားရှိုးမြို့မှာ ယာဉ်တိုက်မှုဖြစ်ပြီး သေဆုံးခဲ့တယ်လို့ ဇာတိမြေကျောက်မဲပရဟိတအသင်းဝင်တစ်ဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၄ ရက် ည ၇ နာရီမှာ လားရှိုးမြို့မှာရှိတဲ့ ဘူတာဈေးအကျော် လေယာဉ်ကွင်း မရောက်ခင်မှာ ကားနဲ့ဆိုင်ကယ် ယာဉ်တိုက်မှု ဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။
“စစ်ရှောင်လာတာ ၃ ရက်ပဲ ရှိသေးတယ်။ အဲကလေးက ဆိုင်ကယ်နှစ်ယောက် စီးလာတာ။ ဆိုင်ကယ် မောင်းတဲ့တစ်ယောက်က ညာဖက် လက်မ ကျိုးသွားတယ်။ နောက်က ကလေးက ခေါင်းဦးဆက် ကွဲသွားတယ်။ အတွင်းလဲ ထိတယ်ထင်တယ်။ တခါတည်း သွေးတွေအန်ထွက်လာတာ။ ဖြစ်ဖြစ်ချင်း မဆုံးသေးဘူး။ ဆေးရုံမှာ ဆုံးသွားတာ”
သေဆုံးသူဟာ အသက် ၁၈ နှစ်အရွယ် ဖြိုးသန့်ကျော်ဖြစ်ပြီး လားရှိုးမြို့ရှိ ဘာသာပေါင်းစုံ ကြာကန်သုသာန်မှာ မီးသင်္ဂြုလ်ပေးလိုက်တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၄ ရက် မနက် ၁၀ နာရီခွဲကျော်မှာလည်း လားရှိုးမြို့ရှိ ပြည်သူ့ဆေးရုံကြီးမှာ ဆေးကုသမှု ခံယူနေတဲ့ ကျောက်မဲမြို့နယ် ပင်တိန်ရွာနေ အသက် ၆၅ နှစ်အရွယ် ဦးမာလာဟာ ဗုံးစ ထိမှန်ထားတဲ့ ဒဏ်ရာကြောင့် သေဆုံးခဲ့ပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။