ယာရူစိင်၊ မေလ ၁၆ ရက်၊ မူဆယ်
စစ်ကောင်စီတပ် ထိန်းချုပ်ထားတဲ့ မူဆယ်မြို့ထဲ လူမြင်ကွင်း လမ်းမပေါ်မှာ လုယက်မှုဖြစ်ပွားခဲ့ပြီး ဖုန်းနဲ့ ဆွဲကြိုးနှစ်ကွင်း လုယက်ယူဆောင်သွားခံရတယ်လို့ ကာယကံရှင် ဖြစ်သူ အမျိုးသမျိုးက ရွှေဖီမြေကို ပြောပါတယ်။
ဒီနေ့ မေလ ၁၆ ရက် မနက် ၁၀ နာရီဝန်းကျင်အချိန်မှာ မူဆယ်မြို့ ပြည်ထောင်စုလမ်းမကြီးကနေ လမ်းလျှောက်လာတဲ့ အမျိုးသမီးတစ်ဦးကို ဆိုင်ကယ်မောင်းလာတဲ့ အမျိုးသားနှစ်ဦးက ရှေ့ကနေ ပိတ်ရပ်ပြီး ပိုက်ဆံအိတ်ထဲရှိ ဖုန်းနဲ့ ဆွဲကြိုးနှစ်ကွင်းကို လုယက်ယူဆောင်သွားခဲ့တာဘဲ ဖြစ်ပါတယ်။
“သူတို့နှစ်ယောက်က နောက်ကနေ ဆိုင်ကယ်မောင်းလာတာ။ ဓားထုတ်ပြီးတော့ ရှေ့ကနေ ကျမကို တားလိုက်တာ။ ရှိသမျှအကုန်ပေးဆိုတော့ ကျမဖုန်းကို ပေးလိုက်တာ။ ဖုန်းယူပြီးတော့ ကျမ ပိုက်ဆံကိုပါ ထပ်ယူသွားတယ်။ ပိုက်ဆံအိတ်ထဲတော့ ဆွဲကြိုးနှစ်ကွင်းနဲ့ ပိုက်ဆံ နည်းနည်းတော့ပါတယ်။ သူတို့နှစ်ယောက်လုံးက mask တပ်ထားတယ်။ နှစ်ယောက်လုံးက ဆယ်ကျော်သက် အရွယ်လောက်တွေဘဲ ရှိအုံးမယ်ထင်တယ်။ မျက်နှာသေချာ မမြင်လိုက်ရဘူး။ ပိုက်ဆံမရှိလို့ ရှိထားတဲ့ ဆွဲကြိုးနှစ်ကွင်းကို ရွှေဆိုင်မှာ သွားပေါင်မလို့ပါဆိုမှ။ အိမ်ကလဲ သုံးစရာမရှိဘူးလေ”လို့ ကာယကံရှင်ဖြစ်သူက ပြောပါတယ်။
ပြီးခဲ့တဲ့ မေလ ၇ ရက်က မူဆယ်မြို့ ကောင်းမှုလွယ်ရပ်ကွက်မှာ ဆိုင်ကယ်မောင်းတဲ့ အမျိုးသမီးတစ်ဦးကို ကားမောင်းတဲ့ အမျိုးသားတစ်စုက ပြန်ပေးဆွဲခဲ့ပြီး လက်ရှိအချိန်ထိ ပြန်ပေးဆွဲခံခဲ့ရတဲ့ အမျိုးသမီးနဲ့ အဆက်အသွယ် မရသေးကြောင်း မိသားစုဝင်ဖြစ်သူတစ်ဦးက ပြောပါတယ်။
မူဆယ်မြို့မှာ လူသတ်မှု၊ ဓားပြတိုက်မှု၊ ပြန်ပေးဆွဲမှုနဲ့ လုယက်မှု မကြာခဏ ဖြစ်ပွါးပေမဲ့ ဘယ်အမှုကိုမှ သက်ဆိုင်ရာဌာနက ဖော်ထုတ်နိုင်ခဲ့တာ မရှိဘူးလို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း မူဆယ်မြို့မှာ မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲသူနဲ့ လောင်းကစားဝိုင်းတွေဟာ အရင်ကထက် များလာပြီး ခိုး၊ လုယက်မှုနဲ့ ဓားပြတိုက်မှုလည်း မကြာခဏ ဖြစ်ပွားနေတဲ့မြို့လည်း ဖြစ်ပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။