လွေးထွေး၊ မေလ ၂၆ ရက်၊ မူဆယ်
တရုတ်-မြန်မာ နယ်စပ် စစ်ကောင်စီတပ် ထိန်းချုပ်ထားတဲ့ မူဆယ်မြို့မှာ လမ်းသွားနေတဲ့ အမျိုးသမီးတစ်ဦးကို အမျိုးသားတစ်စုက လုယက်သွားခဲ့ကြောင်း စွမ်စော်ရပ်ကွက်နေ အမျိုးသမီးရဲ့ ပြောပြချက်အရ သိရပါတယ်။
ပြီးခဲ့တဲ့ မေလ ၂၄ ရက် မနက် ၉ နာရီ ဝန်းကျင်မှာ မူဆယ်မြို့၊ ရွှေသမင်ကွက်သစ်၊ စွမ်စော်လမ်းအမှတ် ၁ မှာ သွားလာတဲ့ အမျိုးသမီးကို ကားစီးလာတဲ့ အမျိုးသားတစ်စုက ပါးစပ်ပိတ်၊ သေနတ်ထောက်ပြီး ပိုက်ဆံအိတ်၊ ဖုန်းနဲ့ ရွှေတွေ ယူသွားခဲ့တာ ဖြစ်ပါတယ်။
စွမ်စော်ရပ်ကွက်နေ အမျိုးသမီးက “မနက်ကဈေးလာဝယ်တဲ့ အဒေါ်တို့လမ်းထဲကဖြစ်တာ။ သူပြောပြတာက အဲကားစီးလာတဲ့လူတွေက ဗမာစကားရော တရုတ်စကားရောပြောတယ်။ စစတုန်းက အဲအမျိုးသမီးက အော်တယ်။ ပြီးမှသူတို့က ပါးစပ်ပိတ်၊ သေနတ်ထောက်လိုက်တာ” လို့ ပြောပါတယ်။
လုယက်ခံရလို့ ပါသွားတဲ့ ပစ္စည်းပမာဏတန်ဖိုးကိုတော့ မသိသေးဘူးလို့ ပြောပါတယ်။
မူးယစ်ဆေးဝါး၊ လောင်းကစားတွေ ပေါများနေတဲ့ မူဆယ်မြို့မှာ စစ်ကောင်စီတပ်အပြင် ပြည်သူ့စစ်ပေါင်းစုံလည်းရှိနေပြီး မကြာခဏ လုယက်မှု၊ ဓားပြတိုက်မှု၊ လူသတ်မှုနဲ့ ပြန်ပေးစွဲမှုတွေ ဖြစ်ပွားနေပေမဲ့ သက်ဆိုင်ရာက အရေးယူလုပ်ဆောင်ပေးတာမရှိ ကြောင်း ဒေသခံတွေက ပြောပါတယ်။
အလားတူ မေလ ၁၉ ရက် ညကလည်း ရဲတစ်ဦးက ဖုန်းနဲ့ ဆိုင်ကယ် အလုခံခဲ့ရသလို မေလ ၂၁ ရက်ကလည်း မူဆယ်မြို့၊ ဈေးရပ်ကွက်က ရွှေဆိုင်တစ်ခုကို ဓားပြတိုက်သွားတဲ့ အမျိုးသား ၅ ဦးထဲက ၂ ဦးကို မေလ ၂၂ ရက်မှာ ဖမ်းမိခဲ့ပါတယ်။
ဒါ့အပြင် မေလ ၁၈ ရက်ကလည်း ဟိုနားရပ်ကွက် မင်းထိပ်ခေါင်လက်ဖက်ရည်ဆိုင် အနောက်မှာ နေထိုင်တဲ့ အမျိုးသမီးတစ်ဦး ဈေးကနေ ပြန်လာချိန် ပြန်ပေးဆွဲခံရပြီး မိသားစုက သိန်း ၁ ထောင်နဲ့ ပြန်ရွေးခဲ့ရတဲ့ဖြစ်စဉ် ဖြစ်ပွားခဲ့ပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။