လွေးဇွန်မိုး၊ မေလ ၃၁ ရက်၊ လားရှိုး
ရှမ်းမြောက် မိုင်းရယ်မြို့နယ်ထဲက ကျေးရွာတစ်ခုမှာ နေထိုင်တဲ့ အသက် ၂၇ နှစ်အရွယ် အမျိုးသမီးတစ်ဦးကို လားရှိုးမြို့ရှိ ပြည့်တန်ဆာရုံတစ်ခုရဲ့ မန်နေဂျာဆိုသူက ရိုက်နှက်နှိပ်စက်ခဲ့တယ်လို့ သိရပါတယ်။
ဖြစ်စဉ်ဟာ ပွဲစားတစ်ဦးက စားပွဲထိုးအလုပ် လုပ်ရမယ်ဆိုပြီး ပြီးခဲ့တဲ့ မေလ ၂၆ ရက်မှာ အဲဒီအမျိုးသမီးကို လိမ်လည်ခေါ်ဆောင်သွားရာကနေ လားရှိုးမြို့၊ ရပ်ကွက် (၇) ရှိ ပြည့်တန်ဆာရုံတစ်ခုမှာ အလုပ် ဝင်ရောက်လုပ်ခိုင်းခဲ့တာဖြစ်ပါတယ်။
အဲဒီအမျိုးသမီးဟာ ပြည့်တန်ဆာရုံမှာ အလုပ်မလုပ်ချင်ပဲ ထွက်ပြေးဖို့ ကြိုးစားခဲ့တာကြောင့် ပြည့်တန်ဆာရုံရဲ့ မန်နေဂျာဆိုသူ အမျိုးသားတစ်ဦးက သူမကို ဝါယာကြိုးနဲ့ ရိုက်နှက်ခဲ့တာဖြစ်တယ်လို့ ဖြစ်စဥ်သိရှိသူ လားရှိုးဒေသခံတစ်ဦးက ပြောပါတယ်။
“သူ့ရဲ့ သူငယ်ချင်းတွေနဲ့ မိုင်းလားသွားမလို့တဲ့ အစတုန်းက။ လားရှိုးမှာပဲ နေခဲ့လိုက်တာ။ သူ့သူငယ်ချင်းက စာပွဲထိုးသွားလုပ်တာ။ နောက်တစ်ယောက်ကလည်း ပွဲစားကခေါ်တာ။ စာပွဲထိုးလုပ်ရမယ်ဆိုပြီး ခေါ်သွားပြီးမှ မာဆက် ပို့လိုက်တာတဲ့။ ပြည့်တန်ဆာခန်း ပို့လိုက်တာ။ အဲမှာလည်း စာချုပ်ကို ဘူးမသိ ဘာမသိပဲနဲ့ လက်မှတ်ထိုးလိုက်တာ ၃ လတဲ့။ ပထမတစ်ခါ ပြေးတာ။ ပြေးတော့ မိတော့ အဲမှာဝါယာကြိုးနဲ့ ရိုက်တယ်။ ခေါင်းဖြတ်မယ်တွေ ဘာတွေလုပ်သေးတာ။ ပြီးမှပဲ သူဒုတိယတစ်ခါပြေးမှ လွတ်လာတာ”
ပြီးခဲ့တဲ့ မေလ ၂၉ ရက်မှာ အဲဒီအမျိုးသမီးက ဒုတိယအကြိမ် ထွက်ပြေးကာ လွတ်မြောက်လာတာဖြစ်ပြီး လားရှိုးမြို့ရှိ ပရဟိတအသင်းတစ်ခုဖြစ်တဲ့ Freedom Youth Organization FYO က သူမရဲ့ နေအိမ်အထိ ကူညီပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။