မိုင်းရူပ၊ မေလ ၂၇ ရက်၊ နောင်ချို
တိုက်ပွဲပြင်းထန်နေတဲ့ ရှမ်းမြောက် နောင်ချိုမြို့နယ်မှာ ယာပြင်ကျေးရွာရှိ တအာင်းတပ်မတော်- TNLA တပ်စခန်းကို စစ်ကောင်စီထံ ထပ်မံလက်လွှတ်ခဲ့ရတယ်လို့ ရှေ့တန်းသတင်းအရင်းအမြစ်တွေက ရွှေဖီမြေကို ပြောပါတယ်။
စစ်ကောင်စီတပ်က သရက်ချိုကျေးရွာရှိ TNLA တပ်စခန်းကို ရရှိပြီးနောက် ရက်ပိုင်းအကြာ ယာပြင်ကျေးရွာရှိ TNLA တပ်စခန်းကို ထိုးစစ်ဆင်နေပြီး မနေ့ မေလ ၂၆ ရက်မှာ သိမ်းပိုက်ခဲ့တာ ဖြစ်ပါတယ်။
“ယာပြင်မှာရှိတဲ့ TNLA တပ်စခန်းကို စစ်ကောင်စီ ပြန်ရတာ ဟုတ်တယ်။ မနေ့မှာ ရသွားတာ။ ဒီနေ့တော့ တိုက်ပွဲဖြစ်တာ မရှိဘူး။ လက်နက်ကြီးပစ်တာတော့ ရှိတယ်” လို့ ရှေ့တန်းသတင်းအရင်းအမြစ်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ ၎င်းတို့လက်လွတ်ထားရတဲ့ နောင်ချိုမြို့ကို ပြန်ရဖို့ တောင်းခမ်းနဲ့ အုမ္မတီးဘက်ကနေ ထိုးစစ်ဆင်တိုက်ခိုက်နေပြီး တအာင်းတပ်ဘက်က ၎င်းတို့ထိန်းချုပ်ထားတဲ့ နေရာအချို့ လက်လွတ်ခဲ့ရတာတွေ ရှိခဲ့ပါတယ်။
လက်ရှိမှာ စစ်ကောင်စီစစ်ကြောင်းဟာ နောင်ချိုမြို့အနီးရှိ နောင်လင်၊ ယာပြင်နဲ့ အုမ္မတီးကျေးရွာတွေမှာ တည်ရှိနေပြီး နောင်ချိုမြို့ကို ပြန်ရဖို့ ထိုးစစ်ဆင်လာနေတာ တွေ့ရပါတယ်။
ပြီးခဲ့ တဲ့ မေလ ၂၀ ရက်မှာလည်း စစ်ကောင်စီတပ်ဘက်က ထိုးစစ်ဆင်တိုက်ခိုက်နေတာကြောင့် TNLA ဘက်က ၎င်းတို့ထိန်းချုပ်ထားတဲ့ သရက်ချိုစေတီကုန်းကို စစ်ကောင်စီက ပြန်ထိန်းချုပ်ခဲ့ပါတယ်။
တောင်းခမ်းကျေးရွာမှာ စစ်ကောင်စီရဲ့ အမြှောက်တပ်စခန်းကွပ်ကဲမှုဌာနချုပ်-၉၀၂ တပ်အပါအဝင် အမြောက်တပ်တပ်စခန်းတွေ ဖြစ်တဲ့ -၃၅၄၊ ၂၀၆နဲ့ ၄၀၆ တပ်တွေ အခြေချ တပ်စွဲထားပါတယ်။
နောင်ချိုမြို့ကိုတော့ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဇူလိုင်လကတည်းက TNLA နဲ့ ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်ထားပြီး ထိန်းချုပ်ထားတာ ဖြစ်ပါတယ်။
နောင်ချိုမြို့နယ်က တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီရော တအာင်းတပ်ဘက်ကပါ တစုံတရာ သတင်းထုတ်ပြန်ထားတာ မရှိသေးပါဘူး။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။