ပို့လဘား၊ ဖေဖော်ဝါရီ ၈ ရက်၊ မူဆယ်
စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် တရုတ်-မြန်မာနယ်စပ်ဖြစ်တဲ့ မူဆယ်မြို့မှာ ပြည်သူ့စစ်ဝတ်စုံ ဝတ်ထားတဲ့ အမျိုးသား ၄ ဦးက ဖုန်းဆိုင်တစ်ဆိုင်မှာ ဓားပြတိုက်မှု ဖြစ်ပွားခဲ့တယ်လို့ ဖြစ်စဉ်သိရှိသူ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
မနေ့ ဖေဖော်ဝါရီ ၇ ရက် ည ၉ နာရီမှာ မူဆယ်မြို့ စွမ်စော်ရပ်ကွက်က ဖုန်းဆိုင်တစ်ဆိုင်ကို ၎င်းအမျိုးသား ၄ ဦးက ဓားပြ ဝင်တိုက်ခဲ့တာ ဖြစ်ပါတယ်။
ဖြစ်စဉ်သိရှိသူ အမျိုးသားတစ်ဦးက “သူတို့လာတာ ဘာမှမပြောဘူး။ ပြန်ပေးဆွဲတာလည်း မဟုတ်ဘူး။ သူတို့ သေနတ် ကိုင်လာပြီး ပိုက်ဆံ ယူသွားတယ်။ ဆိုင်ရှင်တွေကိုတော့ သူတို့ဘာမှမလုပ်ဘူး။ အရင်တစ်ခေါက် မင်္ဂလာမူဆယ်မှာ ဖြစ်သေးတယ်။ အဲတုန်းက တစ်ဖွဲ့တည်းဘဲထင်တယ် ကြည့်ရတာ” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၈ ရက်ကလည်း မူဆယ်မြို့ ကောင်းမှုတုန်ရပ်ကွက်က ကုန်စုံဆိုင်ပိုင်ရှင်အမျိုးသမီးကို ပြည်သူ့စစ်ဝတ်စုံ ဝတ်ထားတဲ့ အမျိုးသား ၃ ဦးက ပြန်ပေးဆွဲသွားခဲ့တယ်လို့ သိရပါတယ်။
မူဆယ်မှာ ဓားပြတိုက်မှုအပါအဝင် လုယက်မှု၊ ပြန်ပေးဆွဲမှုတွေဟာ ဓလေ့တစ်ခုလို ဖြစ်နေပြီး အထူးအဆန်း မဟုတ်တော့ဘူးလို့ ဒေသခံတွေက ရွှေဖီမြေကို ပြောပါတယ်။
ပြစ်မှုကျူးလွန်သူတချို့ကို စစ်ကောင်စီဘက်က ဖမ်းဆီးရမိခဲ့တာ ရှိပေမဲ့ ကျူးလွန်သူတွေကတော့ လျော့ကျလာတာမျိုး မရှိပါဘူး။