ပို့လဘား၊ စက်တင်ဘာ ၆ ရက်၊ လားရှိုး
ရှမ်းမြောက် လားရှိုးမြို့ ပြည်သူ့ဆေးရုံမှာ ကုသမှု ခံယူနေတဲ့ နောင်ပိန်စစ်ရှောင်တစ်ဦး သေဆုံးသွားတယ်လို့ ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၄ ရက် မနက် ၁၀ နာရီခွဲကျော်မှာ အသက် ၆၅ နှစ်အရွယ် ဦးမာလာဟာ ဗုံးစ ထိမှန်ထားတဲ့ ဒဏ်ရာကြောင့် သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
“သူက လားရှိုးမှာ ဆေးလာကုသနေတဲ့ နောင်ပိန်က စစ်ရှောင်ပါ။ သူဆေးကုရင်းနဲ့ ၄ ရက်နေ့မှာ သေသွားတယ်။ သူကအသက်ကြီး ရောဂါလည်း ရှိထားတယ်။ ဗုံးစလည်း ထိထားတယ်ဆိုတော့ သူလည်း မတောင့်ခံနိုင်တော့ဘူးလေ” လို့ ၎င်းအမျိုးသားက ပြောပါတယ်။
လားရှိုးပြည်သူ့ဆေးရုံမှာ ကုသမှု ခံယူနေတဲ့ ဒဏ်ရာရရှိသူ နောင်ပိန်စစ်ဘေးရှောင် ၄၂ ဦးထဲမှာ ဦးမာလာက ပထမဆုံး သေဆုံးခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ ကုသမှု ဆက်လက် ခံယူနေတဲ့ နောင်ပိန်စစ်ရှောင် ၁၀ ဦးကျော် ကျန်ရှိနေသေးတယ်လို့ ဆိုပါတယ်။
စစ်တပ်နဲ့ တအာင်းတပ်- TNLA တို့အကြား တိုက်ပွဲကြောင့် ကျောက်မဲမြို့နယ် နောင်ပိန်အပြင် အနီးနားရှိ ကျေးရွာခံတွေဟာ လားရှိုးမြို့ထဲ စစ်ရှောင်လာကြသူ ၇၀၀ နီးပါး ရှိလာပြီ ဖြစ်တယ်လို့ အဆိုပါ အမျိုးသားက ဆက်ပြောပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ် ၂၀ ရက် မနက် ၁၀ နာရီခွဲက နောင်ပိန်ရွာထဲ စစ်တပ်က လေကြောင်းကနေ တိုက်ခိုက်ခဲ့တာကြောင့် ကလေးအပါအဝင် ဒေသခံ ၁၀ ဦးထက်မနည်း သေဆုံးပြီး ဒဏ်ရာရသူ ၂၀ ဦးထက်မနည်း ရှိခဲ့ပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။