မိုင်းရူပ၊ စက်တင်ဘာ ၂၈ ရက်၊ ကျောက်မဲ
ကျောက်မဲမြို့ကို ပြန်ရဖို့ ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ စစ်ကောင်စီတပ်ဟာ ကျောက်မဲမြို့နယ် နမ့်စော့ကျေးရွာထဲ Y-12 လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဘုန်းကြီးကျောင်းဆောင်နဲ့ နေအိမ်တချို့ ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
မနေ့ စက်တင်ဘာ ၂၇ ရက် နေ့လယ်ပိုင်းမှာ စစ်တပ်ဟာ မိုင်းတင်းအုပ်စု နမ့်စော့ရွာထဲ ဗုံးကြဲတိုက်ခိုက်ခဲ့တာပဲ ဖြစ်ပါတယ်။
“မနေ့ နမ့်စော့ဘက်ကို Y-12 နဲ့ လာကြဲတယ်။ တိုက်ပွဲကတော့ တဒုန်းဒုန်းပါဘဲ။ ဒီနေ့မနက်လည်း စခန်းသာဘက်ကို လေယာဉ်နဲ့ လာကြဲသွားသေးတယ်” လို့ မြေပြင်အခြေအနေ သိရှိသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဘုန်းကြီးကျောင်းဆောင်နဲ့ နေအိမ်တချို့ ပျက်စီးခဲ့ပြီး လူထိခိုက်သေဆုံးမှု မရှိဘူးလို့ သိရပါတယ်။
စစ်တပ်ဟာ ကျောက်မဲမြို့နဲ့ ၅ မိုင်ဝန်းကျင်အကွာရှိ စခန်းသာရွာကို သိမ်းပိုက်နိုင်ခဲ့ပြီး ကျောက်မဲမြို့ဘက် စစ်ကြောင်း ခွဲကာ ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ ရှေ့တန်း စစ်မြေပြင်မှာ ရှိနေသူတွေက ပြောပါတယ်။
ကျောက်မဲမြို့နယ်ထဲ စစ်တပ်နဲ့ TNLA အကြား တိုက်ပွဲ ပြင်းထန်နေတာ ၁ လကျော်ကြာ ရှိနေပြီဖြစ်ပြီး TNLA ဘက်ကလည်း ကျောက်မဲမြို့ လက်မလွှတ်ရရေး ဆက်လက် ခုခံနေဆဲဖြစ်ပြီး ခံစစ်တွေ အဆင့်ဆင့် ပြင်ထားတယ်လို့ ရှေ့တန်းမှာ ရှိနေသူတွေက ပြောဆိုပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှု နားဆင်နိုင်ပါတယ်။