မိုင်းရူပ၊ ဇူလိုင် ၁၇ ရက်၊ မူဆယ်
ဒုစရိုက်မှုတွေ မကြာခဏဖြစ်ပွားနေတဲ့ စစ်ကောင်စီတပ် ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် မူဆယ်မြို့မှာ မြို့မပြည်သူ့စစ်အဖွဲ့ဝင် ၁ ဦး ပစ်ခတ်ခံရပြီး သေဆုံးသွားတယ်လို့ ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လ ၁၅ ရက် ညနေ ၅ နာရီဝန်းကျင်မှာ မူဆယ်မြို့ ကောင်းမှုလွယ်ရပ်ကွက်မှာ မြို့မပြည်သူ့စစ်အဖွဲ့ (၃) တပ်ဖွဲ့ဝင် ကျင်ဆိုသူဟာ ကောင်းမူးလွယ်ရပ်ကွက်ဘက်မှာ ကားနဲ့ သွားလာနေစဥ် ပစ်သတ်ခံရတာ ဖြစ်ပါတယ်။
“ကောင်းမူလွယ်ရပ်ကွက်ထဲက VX ကား ရေဆေးဆီလိုက်ဆိုင် ရှိတယ်။ အဲအနီးတစ်ဝိုက်မှာ ပစ်ခံရတာ။ အဲဘက်က ခြုံနည်းနည်းထူတယ်။ သူပါလာတဲ့ သေနတ်တော့ သူနားမှာ ထားထားတယ်။ သူကားတော့ ယူသွားတယ်။ ဘာပြဿနာတွေ ရှိကြလည်းတော့ မသိဘူး” လို့ ဒီဖြစ်စဥ်ကို သိရှိထားတဲ့ သတင်းအရင်းအမြစ်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
လက်ရှိအချိန်အထိ ၎င်းကို ပစ်သတ်သွားတဲ့ အဖွဲ့ကိုတော့ မသိရသေးဘူးလို့ ၎င်းက ဆက်ပြောပါတယ်။
စစ်ကောင်စီတပ် ထိန်းချုပ်ထားတဲ့ မူဆယ်မြို့မှာ လူသတ်မှု၊ ဓားပြတိုက်မှု၊ လုယက်မှုနဲ့ ခိုးမှု စတဲ့ ဒုစရိုက်မှုတွေ မကြာခဏဖြစ်ပွားနေပြီး စစ်ကောင်စီဘက်က အရေးယူနိုင်တာ မရှိပါဘူး။
ပြီးခဲ့တဲ့ ဇွန်လ ၂၅ ရက်မှာလည်း မူဆယ်မြို့ ရှိ လောင်းကစားဝိုင်းတစ်ခုမှာ ခိုးယူဖို့ ကြိုးစားတဲ့ အမျိုးသားတစ်ဦးကို မြို့မပြည်သူ့စစ်အဖွဲ့ (၄) က ပစ်ခတ်လို့ သေဆုံးသွားပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။