လွေးထွေး၊ ဧပြီ ၁၂ ရက်၊ မူဆယ်
စစ်ကောင်စီတပ် ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် မူဆယ်မြို့မှာ ဗူးခွံ လိုက်ကောက်တဲ့ အမျိုးသားတစ်ဦး ဦးခေါင်း ရိုက်နှက်ခံခဲ့ရတယ်လို့ ဖြစ်စဉ်သိရှိသူ အမျိုးသားရဲ့ ပြောပြချက်အရ သိရပါတယ်။
မနေ့ ဧပြီ ၁၁ ရက် ညနေ ၅ နာရီခွဲဝန်းကျင်မှာ မူဆယ်မြို့ ဆင်ဖြူပေါက်လမ်းက မီးပွိုင့်အနီးမှာ ရိုက်ခံခဲ့ရလို့ အနီးဝန်းကျင်မှ လူထုတွေက မူဆယ်မြို့ရှိ လူမှုကူညီရေးအသင်းကို အကူအညီ တောင်းခံခဲ့ပါတယ်။
ဒေသခံ အမျိုးသားက “သူက ဗူးတွေ၊ ပုလင်းတွေ မြို့ထဲ လိုက်ကောက်တာ။ ဘယ်သူ ရိုက်တာလဲ ဘယ်သူမှ မမြင်ပေမဲ့ ဒဏ်ရာက ရိုက်ခံထားရတာတော့ သိတယ်။ သူများအိမ်ထဲဝင်လို့ သူများက သူခိုးထင်ပြီး ရိုက်လိုက်တာလည်း ဖြစ်နိုင်တယ်” လို့ ပြောပါတယ်။
ရိုက်နှက်ခံရသူ အမျိုးသားဟာ အသက် ၃၀ ကျော်အရွယ်ရှိပြီး နေရပ်ဒေသနဲ့ နာမည်ကိုတော့ မသိရသလို လက်ရှိမှာတော့ မူဆယ် ပြည်သူ့ဆေးရုံသို့ ပရဟိတအသင်းတစ်ခုက ပို့ဆောင်ပေးခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ် ထိန်းချုပ်ထားတဲ့ မူဆယ်မြို့မှာ ၎င်းရဲ့လက်အောက်ခံ ပြည်သူ့စစ်တွေ ရှိတဲ့အပြင် လောင်းကစားဝိုင်းနဲ့ မူးယစ်ဆေးဝါး ပေါများတာကြောင့် မြို့တွင်းမှာ ခိုးမှု၊ ရိုက်နှက်မှု၊ လုယက်မှု၊ ပြန်ပေးဆွဲမှုလည်း မကြာခဏ ဖြစ်ပွားနေပါတယ်။