လွေးဇွန်မိုး၊ ဇူလိုင် ၃၀ ရက်၊ လားရှိုး
ရှမ်းမြောက် လားရှိုးကနေ ပြင်ဦးလွင်ကိုသွားတဲ့ အမျိုးသားတစ်ဦး တစ်လနီးပါးကြာတဲ့အထိ မိသားစုဝင်တွေနဲ့ အဆက်အသွယ်မရပဲ ပျောက်ဆုံးနေသလို လားရှိုးကနေ တွင်းငယ်ကိုသွားတဲ့ အမျိုးသားတစ်ဦးလည်း ၁၀ ရက်ကြာ ပျောက်ဆုံးနေတယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၄ ရက်မှာ လားရှိုးမြို့ကနေ ပြင်ဦးလွင်ကို Feeling 125 ခဲမဲရောင်ဆိုင်ကယ်နဲ့ သွားတဲ့ အသက် ၄၅ နှစ်အရွယ် ဦးစိုင်းဟိန်းကျော်ဟာ နောင်မွန်ရွာအကျော်မှာ ပျောက်ဆုံးသွားတာလို့ မိသားစုဝင်တစ်ဦးက ပြောပါတယ်။
“မနက် ၈ နာရီ ၄ မိနစ်မှာ နောင်မွန်ရောက်ပြီတဲ့။ ရှေ့ဆို လိုင်းမရတော့ဘူးဆိုပြီး ဖုန်းခေါ်ပြီးတော့မှ အဲကတည်းက အဆက်အသွယ်မရတော့တာ။ ဖုန်းနှစ်လုံးပါတယ်။ နှစ်လုံးလုံးက စက်ပိတ်ထားတယ်။ ဒီနေ့ထိအောင်ပဲ”
ဦးစိုင်းဟိန်းကျော်ဟာ လားရှိုးမြို့ ရပ်ကွက် (၁)၊ နယ်မြေ (၁)မှာ နေထိုင်ပြီး ပြီးခဲ့တဲ့ ဇူလိုင် ၄ ရက်ကနေ ဒီနေ့ ဇူလိုင် ၃၀ ရက်အထိ ၂၇ ရက်ကြာတဲ့အထိ အဆက်အသွယ်မရပဲ ပျောက်ဆုံးနေတာ ဖြစ်ပါတယ်။
အလားတူ ပြီးခဲ့တဲ့ ဇူလိုင် ၂၀ ရက်မှာလည်း အသက် ၅၀ ဝန်းကျင်အရွယ် ကိုဌေးလှိုင်ဆိုသူဟာလည်း လားရှိုးမြို့မှာ ကားသွားဝယ်ပြီး မန္တလေးတိုင်းသပိတ်ကျင်းမြို့နယ်ထဲက တွင်းငယ်ရွာကို ပြန်လာနေစဥ် လမ်းမှာ အဆက်အသွယ်မရတော့ပဲ ပျောက်ဆုံးသွားတယ်လို့ ၎င်းရဲ့ မိသားစုဝင်တစ်ဦးက ပြောပါတယ်။
“၂၀ ရက်နေ့က သူလားရှိုးကနေ ဒီဘက် ပြန်လာတယ်။ ပြန်လာတဲ့အချိန်မှာ အဆက်အသွယ်မရတော့ဘူး။ ၅ ယောက်သွားတာ။ မိန်းကလေးနှစ်ယောက် ယောက်ကျားလေး ၃ ယောက်။ ဒီကယူသွားတဲ့ကားကတစ်စီး ဟိုမှာဝယ်ခဲ့တာက နှစ်စီး။ ဝယ်ခဲ့တဲ့ကားနှစ်စီးက ရောက်ပြီ။ ဒီကယူသွားတဲ့ကားက သူမောင်းခဲ့တာ။ ကားသုံးစီးပြန်ခဲ့တာ။ သူကအလယ်မှာ မောင်းလာတာ။ ကျောက်မဲကျော်ပြီး သူတို့အရှေ့မှာ ဘက်ဖိုးကားပိတ်နေလို့ သူကကျော်မောင်းသွားတာ။ အဲဒီကနေ မတွေ့တော့တာဘဲ။ တွေ့တဲ့သူကတော့ သူနောင်ချိုဘက်လမ်း ဝင်သွားတယ်။ သူ့ကိုအော်ခေါ်တာကို မကြားတော့ဘူးပြောတယ်။ နောင်ချိုဘက် လမ်းမှားဝင်တာကို မြင်လိုက်တဲ့သူက ကားပျက်နေလို့ ဟွန်းတီးတယ်။ သူ့ကိုလှမ်းအော်သေးတယ်။ သူကမကြားဘူး”
မိသားစုဝင်တွေက စိတ်ပူပန်နေတာကြောင့် အထက်ပါ အမျိုးသားနှစ်ဦးကို တွေ့ရှိသူတွေအနေနဲ့ အကြောင်းကြားပေးဖို့ ၎င်းတို့ရဲ့ မိသားစုဝင်တွေက တောင်းဆိုထားပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။