ပို့လဘား၊ အောက်တိုဘာ ၂၁ ရက်၊ ကျောက်မဲ
ရှမ်းမြောက် ကျောက်မဲမြို့နယ် ပင်တိန်ကျေးရွာအုပ်စု ခေါက်ခက်ရွာက အမျိုးသားတစ်ဦး မိုင်းနင်းမိပြီး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံအမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
မနေ့ အောက်တိုဘာလ ၂၀ ရက် ညနေ ၅ နာရီဝန်းကျင်မှာ အဆိုပါအမျိုးသားက ပြောင်းခင်းသွားကြည့်ရာကနေ မိုင်းနင်းမိတာဖြစ်တယ်လို့ ဆိုပါတယ်။
“အဲဒီပြောင်းခင်းက အရင်က သူတို့မသွားဖြစ်ဘူး။ မနေ့ကပဲ ပြောင်းခင်းမှာ ပြောင်းဖူးတွေ ချိုးမလို့ သွားကြည့်တာ။ အဲမှာပဲ မိုင်းနင်းမိလို့ တင်ပါးနဲ့ ခြေထောက်ထိသွားတာ” လို့ ဆိုပါတယ်။
မိုင်းနင်းမိသူ အမျိုးသားဟာ အသက် ၆၀ ကျော်ရှိပြီဖြစ်တဲ့ ဦးကုလား ဆိုသူဖြစ်ပြီး လက်ရှိမှာ ပြင်ဦးလွင်မြို့က ပြည်သူ့ဆေးရုံမှာ ဆေးကုသခံယူနေတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၀ ရက်ကလည်း နောင်ပြစ်ကျေးရွာက အမျိုးသမီးတစ်ဦး မိုင်းနင်းမိပြီး ခြေထောက်တစ်ဖက်ပြတ်သွားခဲ့ပါတယ်။
ရွှေဖီမြေက ပြုစုထားတဲ့စာရင်းအရ ရှမ်းမြောက်မှာ ပြီးခဲ့တဲ့ ဇန်နဝါရီလကနေ အောက်တိုဘာလအထိ ၁၀ လအတွင်း မြေမြှုပ်မိုင်းနဲ့ စစ်လက်နက် အကြွင်းအကျန်တွေကြောင့် ကလေး၂ ဦးအပါအဝင် ၁၁ ဦး သေဆုံးပြီး နောက်ထပ် ကလေး ၆ ဦးအပါအဝင် ၂၈ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။