ပို့လဘား၊ ဇူလိုင် ၂၃ ရက်၊ မူဆယ်
စစ်ကောင်စီတပ် ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် မူဆယ်မြို့မှာ အမျိုးသားတစ်ဦး ငါးမျှားရင်းကနေ ရေနစ်သေဆုံးသွားတယ်လို့ နှလုံးလှပရဟိတအသင်းရဲ့ တာဝန်ရှိသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၂၁ ရက် နေ့လယ် ၃ နာရီမှာ မူဆယ်မြို့ ပန်လုံရပ်ကွက်မှာရှိတဲ့ ငါးကန်တစ်ခုမှာ အသက် ၂၀ နှစ်အရွယ် အမျိုးသားတစ်ဦးက ငါးမျှားရင်း ရေနစ်သေဆုံးခဲ့တာလို့ ဆိုပါတယ်။
“ပန်လုံရပ်ကွက်မှာရှိတဲ့ ပြည်သူ့စစ်ဝန်းက ငါးမွေးကန်ရှိတယ်။ တချို့လူက သိတယ်။ တချို့လူလည်း မသိဘူး။ အဲဒီကန်က အကြီးကြီးပဲ ရေအနက်က ဝါးတစ်ပြန်ခန့် ရှိတယ်။ အဲဒီပြည်သူ့စစ်ကောင်လေးက ငါးမျှားပြီး ရေကူးလို့ ရေနစ်သွားတာ။ သူ့အလောင်းကို ည ၇ နာရီမှ ပြန်တွေ့တာ”
အလောင်းကိုတော့ မူဆယ်မြို့မှာရှိတဲ့ နှလုံးလှပရဟိတအသင်းက သွားရောက် သယ်ဆောင်ပေးခဲ့ပြီး ရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဧပြီ ၂၅ ရက်ကလည်း နမ္မတူမြို့နယ် မိုင်းဟုန်းနဲ့ နားမတ်ကျေးရွာကြားမှာရှိတဲ့ ငါးကန်တစ်ခုမှာ အသက် ၁၅ နှစ်အရွယ် အမျိုးသားငယ်တစ်ဦးက ရေဆင်းကူးရာကနေ ရေနစ်ပြီး သေဆုံးခဲ့ဖူးပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။