ယာရူစိင်၊ စက်တင်ဘာ ၂၃ ရက်၊ နမ္မတူ
တအာင်းတပ်မတော်- PSLF/TNLA ထိန်းချုပ်ထားတဲ့ နမ္မတူမြို့နယ် ပန်သပြေရွာမှာ ဆိုင်ကယ်အချင်းချင်း တိုက်မိတာကြောင့် အမျိုးသား ၁ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
ပန်သပြေရွာရဲ့အထက်မှာ မနေ့ စက်တင်ဘာ ၂၂ ရက် မနက် ၁၀ နာရီဝန်းကျင်က ဖြစ်ပွားခဲ့ပြီး ပန်လုံရွာကနေ ဆိုင်ကယ်နဲ့လာတဲ့ အမျိုးသား ၁ ဦးနဲ့ ပန်သပြေကနေ တက်လာတဲ့ ဆိုက်တွဲမောင်းသူ ၁ ဦး ယာဉ်တိုက်မှု ဖြစ်ပွားပြီး ဆိုက်တွဲမောင်းသူ သေဆုံးခဲ့တာလို့ ဆိုပါတယ်။
“ဆိုက်တွဲ မောင်းတဲ့သူက လူ ၃ ယောက်ကို တင်သွားတာ။ ပန်လုံကနေ ဆင်းလာတဲ့ တစ်ယောက်ကတော့ အရက် မူးနေတာ။ သေတဲ့တစ်ယောက်က သူ့ခေါင်းကို ထိသွားလို့ သေတာ။ လိုက်ပါလာတဲ့သူတွေထဲက တစ်ယောက်တော့ ဒဏ်ရာက ပြင်းထန်လို့ လားရှိုးဆေးရုံမှာ ဆေးကုသမှု ခံယူနေရတယ်။ နောက်ထပ် လိုက်ပါလာတဲ့ သူတို့အိမ်မှာနေတဲ့ ကလေးနဲ့ သူ့ကလေးတော့ ဘာမှမဖြစ်ဘူး” လို့ ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။
ဆိုက်တွဲမောင်းသူ ကွီခမ်းဆွဲက သေဆုံးခဲ့ပြီး လိုက်ပါလာတဲ့ တာဟိုမောဝ်ဆိုသူတော့ ဒဏ်ရာ ပြင်းထန်ကာ ပန်လုံကနေ ဆင်းလာတဲ့ ဦးအိုက်စီးကတော့ လက်တစ်ဖက် ကျိုးသွားပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှု နားဆင်နိုင်ပါတယ်။